တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် မကြာသေးမီက ပြုလုပ်ခဲ့သော ရောဂါစစ်ဆေးမှုမှ အုပ်စုလိုက် ကိုဗစ်ကူးစက်မှုကို တွေ့ရှိခဲ့သောကြောင့် တင်းကျပ်သော ကိုဗစ်-၁၉ ထိန်းချုပ်ရေးအစီအမံများကို သက်တမ်း ထပ်မံတိုးသွားမည်ဟု မြူနီစီပယ်အရာရှိတစ်ဦး ကပြောသည်။
စားသောက်ဆိုင်များ၌ ထိုင်ကာစားသောက်ခွင့်မရသေးသလို ကျောင်းများကိုလည်း အွန်လိုင်းစနစ်ဖြင့်သာ ဆက်လက် သင်ကြားသွားမည်ဟု ပေကျင်းမြူနီစီပယ်အစိုးရပြောရေးဆိုခွင့်ရှိသူ ဟူဟဲကျန်းက ပြောသည်ဟု ဆင်ဟွာသတင်းက ဖော်ပြခဲ့သည်။
ဖန်းတိုင်ခရိုင်တွင်လည်း ကပ်ရောဂါထိန်းချုပ်ရေးစီမံချက်များကို တင်းကျပ်သွားမည်ဖြစ်ကာ ဝန်ထမ်း များကို လည်း အိမ်ကနေ၍ အလုပ်လုပ်ရန် ညွှန်ကြားထားသည်။ အဓိက ရထားဘူတာ ၂ ခုမှလွဲ၍ ဖန်းတိုင်ခရိုင်ရှိ ဘတ်စ်ကားနှင့်ရထားလိုင်းများကို ပိတ်ထားမည်ဖြစ်ကြောင်း ရှူက ပြောသည်။
ပေကျင်းမြို့တွင် မေလ ၁၉ ရက် ညနေ ၃ နာရီမှာ မေလ ၂၀ ရက် ညနေ ၃ နာရီအကြားတွင် ဒေသတွင်း ကိုဗစ်-၁၉ အသစ်ကူးစက်မှု ၅၄ ဦးတွေ့ရှိကြောင်း ပေကျင်းမြူနီစီပယ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ ဒုဥက္ကဋ္ဌ လျူရှောင်ဖန်က ပြောသည်။
ဖန်းရှန်းခရိုင်ရှိ ပေကျင်း နည်းပညာတက္ကသိုလ်ဝန်းအတွင်းတွင်လည်း မေ ၁၈ ရက်နောက်ပိုင်း၌ ကိုဗစ်- ၁၉ ကူးစက်မှု ၁၁ ဦးတွေ့ရှိခဲ့ကာ ဆရာ/ဆရာမများနှင့် ကျောင်းသူကျောင်းသားပေါင်း ၆၇၀ ကျော်ကို ကန့်သတ်စောင့်ကြည့်မှုအောက်၌ ထားရှိသည်။
ပေကျင်းမြို့၌ ကိုဗစ်-၁၉ ကူးစက်နိုင်ခြေအမြင့်မားဆုံးနေရာ ၁၅ နေရာနှင့် အန္တရာယ်အသင့်အတင့်ရှိသောနေရာ ၂၃ နေရာ သတ်မှတ်ထားသည်။