တရုတ်ဟက်ကာများက ရုရှားကာကွယ်ရေးဒေတာများကို ခိုးယူရန် ကြိုးစား

တရုတ်ဟက်ကာများက ရုရှားကာကွယ်ရေးဒေတာများကို ခိုးယူရန် ကြိုးစား

တရုတ်ဟက်ကာများသည် နိုင်ငံလုံခြုံရေးစနစ်များနှင့်ပတ်သက်သော အရေးကြီးသောအချက်အလက်များကို ရယူနိုင်ရန် မတ် ၂၃ ရက်က ရုရှားစစ်တပ်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းများမှ သိပ္ပံ ပညာရှင်များနှင့် အင်ဂျင်နီယာများထံ အန္တရာယ်ရှိသော ဆော့ဖ်ဝဲလ်လင့်ခ်များဖြင့် အီးမေးလ်များ ပေးပို့ခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

ရုရှားကျန်းမာရေးဝန်ကြီးဌာနမှ ပေးပို့သည်ဟု ယူဆရပြီး ယူကရိန်းကျူးကျော်မှုအတွက် အမေရိကန်၏ ပိတ်ဆို့မှုခံရသော ပုဂ္ဂိုလ်များစာရင်းနှင့်ပတ်သက်သည့် စိတ်ဝင်စားဖွယ် အချက်အလက်များပါရှိသည်ဟု ထင်ရသော အီးမေးလ်များမှာ အမှန်တကယ်အားဖြင့် ရုရှားကို ပစ်မှတ်ထားရန်ကြိုးစားနေသည့် တရုတ် အစိုးရကျောထောက်နောက်ခံပြု ဟက်ကာများက အန္တရာယ်ရှိသော ဆော့ဖ်ဝဲလ်ဖြင့် ဖိုင်တစ်ခုကို ရယူပြီး ဖွင့်စေရန် ပေးပို့ခြင်းဖြစ်သည်ဟု အစ္စရေး-အမေရိကန် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Check Point ၏ အစီရင်ခံစာကို ကိုးကား၍ New York Times က ဖော်ပြခဲ့သည်။

နှစ်နိုင်ငံသည် နက်ရှိုင်းသော ဆက်ဆံရေးများရှိနေသော်လည်း တရုတ်သည် ထိရှလွယ်သော စစ်ရေးနည်းပညာ အချက်အလက်များ ခိုးယူရေးအတွက် တရားဝင်ပစ်မှတ်အဖြစ် ရုရှားကို ရှုမြင်ပုံရကြောင်း Check Point ၏ အစီရင်ခံစာက ဆိုသည်။

ရုရှားနိုင်ငံကို ထောက်လှမ်းရန် တရုတ်၏ ကြိုးပမ်းအားထုတ်မှု အထောက်အထားအသစ်များကို အစီရင်ခံစာတွင် ဖော်ပြထားသလို အမေရိကန်ကို ရင်ဆိုင်ရန် ပိုမိုနီးရင်းနှီးလာသော နှစ်နိုင်ငံအကြား ဆက်ဆံရေး ရှုပ်ထွေးမှုကို ထောက်ပြထားသည်။

ရုရှားက ယူကရိန်းကို မကျူးကျော်မီ ၂၀၂၁ ခုနှစ် ဇူလိုင်လအစောပိုင်း၌ တရုတ် သူလျှိုစစ်ဆင်ရေးကို စတင် ခဲ့သည်ဟု Check Point အစီရင်ခံစာက ဆိုသည်။ မတ်လက ပေါ်ထွက်လာသော အီးမေးလ်များတွင် တရုတ်ဟက်ကာများသည် ၎င်းတို့၏ရည်ရွယ်ချက်များအတွက် ယူကရိန်းစစ်ပွဲ
ဇာတ်ကြောင်းများကို လျင်မြန်စွာ အမြတ်ထုတ်အသုံးချကြသည်။

တရုတ်၏စစ်ဆင်ရေးသည် ဝေဟင်ဂြိုလ်တုဆက်သွယ်ရေး၊ ရေဒါနှင့် အီလက်ထရွန်နစ်စစ်ပွဲများကို သုတေသန ပြုသည့် ရုရှားအဖွဲ့အစည်းများကို ပစ်မှတ်ထားကြောင်း Check Point ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အာဏာရှင်ခေါင်းဆောင် ရှီကျင့်ဖျင်လက်ထက်တွင် တရုတ်သည် ဆိုက်ဘာသူလျှိုလုပ်ခြင်းဆိုင်ရာ ချဉ်းကပ်မှုကို ပြန်လည်ဆန်းသစ်ခဲ့ပြီး လွန်ခဲ့သည့်ဆယ်စုနှစ်များစွာကထက် ပိုမိုထက်မြက်ခေတ်မီသော နည်းလမ်းအဖြစ် ပြောင်းလဲခဲ့ကြောင်း New York Times က ဖော်ပြသည်။

ရုရှားကာကွယ်ရေးသုတေသနအဖွဲ့အစည်းများကို ပစ်မှတ်ထားသည့် လှုပ်ရှားမှုသည် နည်းပညာသာလွန်မှုနှင့် စစ်ရေးအာဏာအတွက် တရုတ်၏ မဟာဗျူဟာရည်မှန်းချက်များ အောင်မြင်ရန် စနစ်တကျနှင့် ရေရှည် ကြိုးပမ်းအားထုတ်မှုတွင် သူလျှိုလုပ်ခြင်းကိုအသုံးပြုသည်ဆိုသော နောက်ထပ်အထောက်ထားများဖြစ်ကြောင်း Check Point ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly