ရွှေကူမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ သေဆုံးမှုရှိ၊ ၄၀ မမ ကျည်များ သိမ်းဆည်းရမိ

ရွှေကူမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ သေဆုံးမှုရှိ၊ ၄၀ မမ ကျည်များ သိမ်းဆည်းရမိ

မေ ၂၂

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်သို့ ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းအား  H-22 လက်လုပ် ရှေ့ထွက်မိုင်း ခြောက်လုံးဖြင့် မြို့လှ KPDF အရံတပ်ဖွဲ့မှ တိုက်ခိုက်လိုက်ကြောင်းသိရသည်။

ယနေ့ မေလ ၂၂ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ရွှေကူမြို့နယ် သင်္ဘောအင်းရွာမှ မိုးစစ်ရွာဘက်သို့ ခြေလျင်လာသည့် သင်္ဘောလုံခြုံရေးတပ်ဖြန့်လာသည့် စစ်ကောင်စီအင်အား ၄၀ ခန့်အား တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

"စကစ(စစ်ကောင်စီ) ဘက်က ၄၀ မှာ ၂၀ လောက်ထိခိုက်သေဆုံးမယ်လို့ ခန့်မှန်ရတယ်ဗျ။ သူတို့ ရေကြောင်းကနေ မော်တော်နဲ့သယ်သွားတယ်ဗျ ။ သေဆုံးသူနဲ့ ဒဏ်ရာရသူရောပေါ့ ။ သူတို့တက်လာတဲ့အင်အားရော မိုင်းဆွဲပြီးချိန် လှုပ်ရှားမှုရော အကုန်သတင်းရပြီးသားပါခင်ဗျာ” ဟု မြို့လှ KPDF ပြန်ကြားရေးတာဝန်ခံကပြောသည်။ 

Mytel တာဝါတိုင်မှ ရရှိသည့် ပစ္စည်းများဖြင့်ပြုလုပ်ထားသည့် H-22 ဟုအမည်ပေးထားသော လက်လုပ် ရှေ့ထွက်မိုင်း ခြောက်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

“မိုင်တဲတာဝါတိုင်က ရတဲ့ဟာနဲ့ လုပ်ထားတာခင်ဗျ။  H-22 က ကျွန်တော်တို့ နာမည်ပေးထားတာပါ။ မီတာ ၅၀ ကနေ ၇၀ ဝန်းကျင်ထိအောင် ထိရောက်မှုရှိတယ်ဗျ ။ ရှေ့ထွက်ချိန်မှာ ငါးဖမ်းတဲ့ကွန်သဖွယ် ဖြန့်ထွက်သွားတာ လူတန်းကျဲကျဲလျောက်လာရင်လည်း အတော်အသင့် ပြေးမလွတ်ဘူးဗျ” ဟု မြို့လှ KPDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ 

ထိုသို့မိုင်းဆွဲတိုက်ခိုက်ပြီးချိန်တွင် အထိနာသည့် စစ်ကောင်စီတပ်ဘက်မှ ခဏကြာပြန်လည်ပစ်ခတ်အပြီး သေဆုံးသူနှင့် ဒဏ်ရာရသူများအား ပေါက်ကုန်းရွာဦးမှတဆင့် ရေကြောင်းမှ မော်တော်ဖြင့် ရွှေကူမြို့သို့ သယ်ဆောင်သွား မြို့လှ KPDFကထုတ်ပြန်ထားသည်။

တိုက်ပွဲအပြီး အရံတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရာတွင် ကာလတန်ဖိုး ၁၀ သိန်းကျော်တန်ဖိုးရှိိသည့် ၄၀ မမ ၁၃ လုံးသိမ်းဆည်းရမိကြောင်းမြို့လှ KPDFထုတ်ပြန်ချက်အရ သိရသည်။  

"အရံကာကွယ်ရေးတပ်ဆိုတာ ကျွန်တော်တို့ မြို့လှတပ်ရင်းနယ်အတွင်း KIA ထိန်းချုပ်ရာ နယ်မြေဒေသမှာ အရပ်ဘက် ပကဖ တပ်ဖွဲ့ခွင့်မရှိထားပါဘူး ။ ဒါကြောင့် မြို့လှတပ်ရင်း လက်အောက်ခံအနေနဲ့ အရံတပ်ရင်းအဖြစ်နဲ့ ဖွဲ့စည်ထားတဲ့ အဖွဲ့ပါ” ဟု  မြို့လှ KPDF ပြန်ကြားရေးတာဝန်ခံကဆိုသည်။

#ကချင်ပြည်နယ်
#ရွှေကူမြို့နယ်
#KPDF
#Mytelတာဝါတိုင်
#စစ်ကောင်စီတပ်ဖွဲ့
#တိုက်ပွဲဖြစ်ပွါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required