မြောင်မြို့နယ် မယ်မသော်ကျေးရွာကို စစ်ကောင်စီတပ် မီးတင်ရှို့

By ဂျာမုန်း/မဇ္ဈိမ
21 May 2022
မြောင်မြို့နယ် မယ်မသော်ကျေးရွာကို စစ်ကောင်စီတပ် မီးတင်ရှို့

မေလ ၂၁ ရက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မယ်မသော်ကျေးရွာကို ယမန်နေ့ မေလ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်က စ၍ မွန်းလွဲ ၃ နာရီကျော် အထိ စစ်ကောင်စီတပ်က မီးတင်ရှို့ခဲ့ရာ နွေဦးရောင်နီဆေးခန်းနှင့် ပြည်သူပိုင် နေအိမ် ၇၂ လုံး လောင်ကျွမ်းခဲ့ကြောင်း မီးငြှိမ်းသတ်ခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ တစ်ဆင့် အင်အား ဖြည့်တင်း၍ မြောင်နယ်အတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ဦးရေ ၁၅၀ ခန့်ပါ စစ်ကြောင်းသည် ၎င်းတို့ ဖြတ်သန်းရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးနေကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM $ ဦးဆောင်သူ ကိုနွေဦးက ပြောသည်။

“အနှစ်နှစ်အလလ စုဆောင်းပြီးမှ ဒါမျိုးတွေ ဆောက်လို့ ရတာလေ။ တစ်နှစ် နှစ်နှစ် စုရုံလောက်နဲ့လည်း အိမ်တစ်လုံး ဖြစ်တာမှ မဟုတ်တာ။ တချို့ကလည်း ဘိုးဘွားပိုင်တွေ။ အကုန်လုံးကတော့ ငိုယိုပြီး ဆဲဆို နေကြတာပေါ့ စစ်ကောင်စီကို” ဟု မီးသွားရောက် ငြှိမ်းသတ်ရာတွင် ပါဝင်သည့် ကိုနွေဦးက ပြောပြသည်။

ယင်းစစ်ကောင်စီတပ်သည် မေလ ၁၈ ရက်နေ့တွင် ပန်းညိုရွာရှိ နေအိမ် ခြောက်လုံး၊ ညောင်ကားယားရွာရှိ အိမ်ခြေ ၂၀ ကျော် ၊ မေလ ၁၉ ရက်နေ့တွင် ရွာပုလဲကျေးရွာရှိ နေအိမ် ၁၅ လုံးနှင့် ပေါက်ချောင်းကျေးရွာရှိ နေအိမ် ၃၀ ကျော်အား မီးရှို့ဖျက်ဆီးကာ ယမန်နေ့က မယ်မသော်ကျေးရွာကို ဝင်ရောက် မီးရှို့ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ပေါက်ချောင်းရွာကို မီးငြိမ်းနေတဲ့ အချိန်မှာ သူတို့ မယ်မသော်ရွာကို ဆက်ရှို့တယ်။ သူတို့ရှို့နေတဲ့အခါ ကျွန်တော်တို့ ဝင်မရလို့ သူတို့အရှေ့က ထွက်တာနဲ့ ကျွန်တော်တို့ အနောက်ကဝင်ပြီး တန်းငြှိမ်းတယ်။ ညနေ ၄ နာရီလောက်ကနေ ည ၉ နာရီလောက်ထိ ငြိမ်းခဲ့ရတာ။ ကျွန်တော်တို့ အဖွဲ့တွေရော ရွာနီးဝန်းကျင်က ပြည်သူတွေရော ဝိုင်းပြီး လာငြှိမ်းပေးကြတယ်” ဟု ကိုနွေဦးက ဆိုသည်။

နွေဦးရောင်နီဆေးခန်းရှိ လူနာဆောင်၊ ဝန်ထမ်းဆောင်နှင့် ဆေးပစ္စည်းများကိုပါ မီးရှို့ ဖျက်ဆီးခဲ့သည့် အပြင် ဆေးပေးခန်းရှိ အမျိုးသမီးဆောင်ကိုလည်း ဖောက်ထွင်းသွားကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့ မေလ ၂၁ ရက်တွင် နေပူကုန်းကျေးရွာအား ဆက်လက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်ခြောက်လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required