ပါကစ္စတန်၌ ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူးမှ ထွက်ရန် ငြင်းဆန်နေခြင်းနှင့်အတူ နိုင်ငံရေး အကျပ်အတည်းသစ် ဖြစ်ပေါ်

ပါကစ္စတန်၌ ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူးမှ ထွက်ရန် ငြင်းဆန်နေခြင်းနှင့်အတူ နိုင်ငံရေး အကျပ်အတည်းသစ် ဖြစ်ပေါ်

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူး အိုမာ ဆာဖရက်ဇ် ချီးမားသည် ၎င်းကို ရာထူးမှ ဖယ်ရှားကြောင်း ဖက်ဒရယ်အစိုးရထံမှ အမိန့်ညွှန်ကြားချက် ထွက်ခဲ့သော်လည်း ရာထူးမှ ဆင်းပေးရန် ငြင်းဆန် နေသောကြောင့် ပန်ဂျပ်ပြည်နယ်သည် မေ ၁၀ ရက်တွင် နောက်ထပ် နိုင်ငံရေး ထွက်ပေါက်မဲ့ အခြေအနေ တစ်ခုထဲသို့ ကျရောက်လာခဲ့သည်။

၎င်းကို ရာထူးမှ ထုတ်ပယ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်၏ ထုတ်ပြန်အကြောင်းကြားမှုကို သမ္မတက လက်မခံဘဲ ပယ်ချထားကြောင်း ချီးမားက ပြောသည်။

ပြည်နယ်အစိုးရသည် ချီးမား ရုံးသို့ လာရောက်ခြင်းကို တားမြစ်ရန် အုပ်ချုပ်ရေးမှူး၏ နေအိမ် ဝင်ပေါက်၊ ထွက်ပေါက်အားလုံး၌ ရဲတပ်ဖွဲ့ဝင်များကို တပ်ဖြန့်ထားသည်။ ချီးမားသည် မေလ ၁၀ ရက်က ရုံးသို့ ရောက်မလာခဲ့ဟု အုပ်ချုပ်ရေးမှူးနေအိမ်နှင့် နီးစပ်သော သတင်းရင်းမြစ်များက The Express Tribune ကို ပြောသည်။

“ဝန်ကြီးအဖွဲ့ ဌာနက ထုတ်ပြန်တဲ့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်တဲ့ အကြောင်းကြားချက်ကို ကျွန်တော် ပယ်ချပါတယ်။ နောက်ပြီး ကျွန်တော့်ရဲ့ ရှေ့နေအဖွဲ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးနေပါတယ်။ ကျွန်တော် ဘာဆက်လုပ်သွားမယ်ဆိုတာကို မကြာခင် ကြေညာပါမယ်” ဟု ချီးမားက တွစ်တာတွင် ရေးသည်။

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်း ရာထူးမှ ဖြုတ်ချခံရမှု မတိုင်မီ ရက်ပိုင်းအတွင်း ချောက်ဒ်ဟရီ ဆာဝါ၏ နေရာတွင် အစားဝင်ကာ ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်လာခဲ့သည့် ချီးမားသည် ၎င်း၏ ရာထူးကို ဖက်တွယ်ထားသလို မကြာသေးခင်က ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဟမ်ဇာ ရှာဘတ်ဇ်၏ ကျမ်းကျိန်မှုကို ကြီးကြပ်ပေးရန် ငြင်းဆန်ခဲ့သည်။

ယခုအခါ ၎င်းကို ရာထူးမှ ဖယ်ရှားရန် အစိုးရအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုများကို ပျက်ပြားစေရန် သမ္မတက လုပ်ဆောင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly