“ကျားတော့ကျား၊ ဒါပေမဲ့ စက္ကူကျား”(ဆောင်းပါး)(အပိုင်း၁-ဖွဲ့စည်းရေး)

By (စိုးမိုးနိုင်)
16 May 2022
“ကျားတော့ကျား၊ ဒါပေမဲ့ စက္ကူကျား”(ဆောင်းပါး)(အပိုင်း၁-ဖွဲ့စည်းရေး)

၂၀၂၂ မေလ (၁၆)ရက်။

၁၉၈၈ ခုနှစ်မှာ အကြမ်းဖက်လူသတ်ပြီး အာဏာကို လွှဲပြောင်းရယူ ခဲ့တဲ့ နဝတ/နအဖ စစ်အုပ်စုဟာ သူတို့ရဲ့စစ်အာဏာရှင်စနစ်ကို ထိန်းသိမ်း ကာကွယ်ဖို့နဲ့ သားစဥ်မြေးဆက် လက်ဆင့်ကမ်းသယ်ဆောင်သွားနိုင်ဖို့ အတွက် ၁၉၉၂ ခုနှစ်လောက်ကစပြီး “တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်” ဆိုတဲ့ကြွေးကြော်သံနဲ့ စစ်အင်အားကို အဆမတန် တိုးချဲ့ တည်ဆောက်မှုတွေ စတင်ပြုလုပ်လာခဲ့တာ တွေ့ရပါတယ်။

ဗိုလ်နေဝင်းဦးဆောင်တဲ့ မဆလစစ်အုပ်စုလက်ထက်မှာ ခြေလျှင်/ ခြေမြန် တပ်ရင်းပေါင်း ၁၆၈ ရင်း ရှိခဲ့ပြီး၊ ကြည်းတပ်မှာ စစ်သည်အင်အား တစ်သိန်းရှစ်သောင်းလောက်ရှိတယ်လို့ တပ်မတော်အရာရှိဟောင်း ‌ဒေါက်တာမောင်အောင်မျိုး (OTS-61)(နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ပြင်ပပညာရှင်) ရေးသားခဲ့တဲ့ “Building The Tatmadaw” (တပ်မတော် တည်ထောင်ခြင်း) ဆိုတဲ့စာအုပ်မှာ ဖေါ်ပြထားပါတယ်။ 

ဗိုလ်သန်းရွှေ ခေါင်းဆောင်တဲ့ နအဖစစ်အုပ်စု လက်ထက်မှာတော့ တပ်မတော်ရဲ့ တိုက်ခိုက်ရေးအင်အားကို ငါးသိန်းအထိ တိုးချဲ့တည်ဆောက် ဖို့ စိတ်ကူးယဥ်စီမံချက်တွေ ရေးဆွဲချမှတ်ခဲ့ပြီး ၁၉၉၂ ခုနှစ်လောက်ကစလို့ ခြေလျှင်/ခြေမြန် တပ်ရင်းတွေကို အဆမတန် တိုးချဲ့ဖွဲ့စည်းခဲ့ရာမှာ ၂၀၁၀ ခုနှစ်အထိ တပ်ရင်းစုစုပေါင်း ၅၂၂ ရင်းကို ဖွဲ့စည်းခဲ့တာ တွေ့ရပါတယ်။

တပ်မတော်တည်ဆောက်ရေးနဲ့ ပြင်ဆင်တိုးချဲ့ရေးတွေမှာ ဖွဲ့စည်းရေး ကဏ္ဍ၊ ဖြည့်တင်းရေးကဏ္ဍ၊ လက်နက်တပ်ဆင်ရေးကဏ္ဍ၊ လေ့ကျင့်ရေး ကဏ္ဍ၊ စိတ်ဓာတ်နဲ့စည်းကမ်းတည်ဆောက်ရေးကဏ္ဍ၊ ဆိုပြီး ကဏ္ဍကြီး ငါး ရပ် ရှိပါတယ်။ ဒီအချက်တွေအားလုံး ပြည့်စုံကောင်းမွန်မှ စွမ်းရည် ထက်မျက်ပြီး အင်အားတောင့်တင်းတဲ့ ခေတ်မီ တပ်မတော်တစ်ရပ်ကို ပိုင်ဆိုင်ရရှိနိုင်မှာ ဖြစ်ပါတယ်။

တပ်မတော်တစ်ခုကို ဖွဲ့စည်းတည်ဆောက်ရာမှာ W.E (War Establish -ment) လို့ခေါ်တဲ့ (စစ်တပ်ယူနစ်တစ်ခုစီရဲ့ စီမံခန့်ခွဲမှုဆိုင်ရာဖွဲ့စည်းပုံ) အရ လူအင်အား၊ လက်နက်တပ်ဆင်မှုနဲ့ တာဝန်ခွဲဝေမှု၊ စတာတွေကို အတိ အကျ သတ်မှတ်ပြဋ္ဌာန်းပြီးမှ စနစ်တကျ ဖွဲ့စည်းကြရတာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်မတိုင်ခင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရဲ့ ဖွဲ့စည်းပုံ (ကဖ-၇၀(၈)၆၆)အရ ကြည်းတပ် တိုက်ခိုက်ရေးခြေလျှင်/ခြေမြန် တပ်ရင်း တစ်ခုရဲ့ အင်အားပြည့် ဖွဲ့စည်းပုံကို အရာရှိ ၂၇ ဦးနဲ့ အခြားအဆင့် ၇၅၀၊ စုစုပေါင်း ၇၇၇ ဦးအထိ ရှိရမယ်ဆိုပြီး သတ်မှတ် ပြဋ္ဌာန်းထားခဲ့ပါတယ်။

ဗိုလ်သန်းရွှေလက်ထက် ၂၀၀၁ ခုနှစ်မှာ ပြင်ဆင်ပြောင်းလဲခဲ့တဲ့ တပ်ဖွဲ့စည်းပုံ ကဖ ၇၀ ဆ ၂၀၀၁ မှာတော့ ခြေလျင်/ခြေမြန် တပ်ရင်း တစ်ရင်းရဲ့ ဖွဲ့စည်းပုံကို အရာရှိ ၃၁ ဦးနဲ့ အခြားအဆင့် ၈၂၆ ဦး၊ စုစုပေါင်း ၈၅၇ ဦးအထိ ရှိရမယ်ဆိုပြီး ပြင်ဆင်ပြဋ္ဌာန်းခဲ့တာ တွေ့ရပါတယ်။

ဗိုလ်သန်းရွှေရဲ့ အဲဒီဖွဲ့စည်းပုံအရ စစ်အုပ်စုရဲ့ ကြည်းတပ်မှာ လက်ရုံး နဲ့အကူဝန်ထမ်းတပ်တွေ မပါသေးဘဲ တိုက်ခိုက်ရေးသက်သက် ဖွဲ့စည်းပုံ အပြည့် အင်အားဟာ ၈၇၅ x ၅၂၂ = ၄၅၆,၇၅၀ (လေးသိန်းခွဲကျော်)ရှိရမှာ ဖြစ်ပါတယ်။ 

အဲဒီစာရင်းမှာ လက်ရုံးနဲ့အကူဝန်ထမ်းတပ်ဖွဲ့တွေ၊ တပ်မတော်(လေ) နဲ့ တပ်မတော်‌(ရေ)တို့ရဲ့ အင်အားစာရင်းတွေကိုပါ ပေါင်းထည့်လိုက်ရင် စုစု ပေါင်းအင်အား ငါးသိန်းအထိ ရှိမယ်ဆိုပြီး လျှာထားခဲ့ပုံရပါတယ်။ 

ဗိုလ်သန်းရွှေက ပြည်သူလူထုရဲ့ လယ်ယာခြံမြေတွေကို လက်နက် အားကိုးနဲ့ အနိုင်ကျင့်သိမ်းပိုက်ပြီး တစ်ပြည်လုံးအနှံ့ တပ်ရင်းတပ်ဖွဲ့သစ်တွေ ကို တိုးချဲ့ဖွဲ့စည်းခဲ့ရာမှာ ဗိုလ်နေဝင်းလက်ထက်က ဖွဲ့စည်းထားခဲ့တဲ့ တပ်ရင်း/တပ်ဖွဲ့တွေက အင်အားတချို့ကိုထုတ်နှုတ်ပြီး စတင်စုဖွဲ့ကြရတာ ဖြစ်လို့ မူလတပ်ရင်းဟောင်းတွေလည်း ဖွဲ့စည်းပုံပျက်၊ တပ်သစ်တွေလည်း အင်အားမပြည့်နဲ့ “ဟိုမရောက်ဒီမရောက်”တွေ ဖြစ်ကုန်ပါတော့တယ်။

“ငါ့လက်ထက် သူများထက်ထူးအောင် လုပ်ပြသွားမယ်” ဆိုတဲ့ အာဏာရှင်တွေရဲ့ အမူအကျင့်တွေအတိုင်း အင်အား ငါးသိန်းရှိတဲ့ “ခေါဘဏီ” တပ်ကြီးကို တည်ထောင်ပြသွားဖို့ ဗိုလ်သန်းရွှေက စိတ်ကူး တွေယဉ်ခဲ့မိပေမဲ့ လက်တွေ့ဖြစ်မလာတဲ့အပြင် ဗိုလ်နေဝင်း တည်ထောင်ခဲ့ တဲ့တပ်မတော်ပါ ဖွဲ့စည်းပုံတွေပျက်ပြီး “တိုက်တိုင်းရှုံးတဲ့တပ်မတော်” အဆင့်ကို ရောက်ရှိသွားခဲ့ရပါတယ်။

၈၈မှာ တစ်ပြည်လုံးသွေးချောင်းစီးအောင် သတ်ဖြတ်ပြီး အာဏာ လွှဲပြောင်းရယူခဲ့တဲ့ စစ်အုပ်စုအပေါ် နာကျည်းမုန်းတီးသွားကြတဲ့ လူငယ် လူရွယ်အများစုက တောခိုသူခို၊ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် ပြည်ပ ထွက်သူထွက်နဲ့ စစ်ထဲဝင်ဖို့ စိတ်မကူးကြတော့တာကြောင့် စစ်အုပ်စုဟာ တပ်သားသစ်စုဆောင်းလို့ မရတော့တဲ့အပြင် “ရှင်နည်းရာအဂ္ဂလူထွက်” ဆိုသလို စစ်ဆင်ရေး လေးလပတ်တိုင်းမှာ ပြုန်းတီးအင်အားစုစုပေါင်း ၇,၀၀၀ /၈,၀၀၀ လောက်အထိ ရှိလာတဲ့အတွက် ၂၀၀၆ စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ တပ်မတော် ဒုတိယလေးလပတ် အစည်းအဝေးမှာ ဗိုလ်သန်းရွှေကိုယ်တိုင် ငြီးငြူပြောဆိုခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ 

၂၀၀၆ ခုနှစ် နှောင်းပိုင်းမှာ စစ်အုပ်စုအတွင်းက ပေါက်ကြားလာခဲ့တဲ့ လေးလပတ်အစီရင်ခံစာတစ်ခုအရ တပ်မတော်(ကြည်း)မှာရှိတဲ့ တပ်ရင်း ၂၈၄ ရင်းမှာ တပ်ဖွဲ့ဝင်အင်အားဟာ တစ်ရင်းကို ၂၀၀ထက် လျှော့နည်း နေပြီး ကျန်တဲ့တပ်ရင်းပေါင်း ၂၂၀ မှာလည်း တပ်ဖွဲ့ဝင်အင်အား ၂၀၀နဲ့ ၃၀၀အကြားမှာသာရှိ‌တာကို တွေ့ရပါတယ်။ 

ဒါတောင် အဲဒီအချက်အလက်တွေဟာ သက်ဆိုင်ရာ တပ်ရင်းမှူးတွေ နဲ့ တိုင်းမှူး/တပ်မမှူးတွေက သူတို့ အရေးယူခံရမှာနဲ့ ရာထူးမတိုးမှာကို စိုးရိမ်ကြောက်လန့်ပြီး အဆင့်ဆင့် လိမ်ညာတင်ပြခဲ့ကြတဲ့ စာရင်းတွေသာ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ အဲဒီအချိန်မှာကတည်းက အင်အား ၁၀၀ မပြည့်တဲ့တပ်ရင်းတွေ အများအပြားရှိနေခဲ့တာကို တွေ့ရပါတယ်။ 

နမူနာအနေနဲ့ အဲဒီနှစ် ဩဂုတ်လအတွင်း ကချင်ပြည်နယ် မိုးကောင်း အခြေစိုက် အမှတ်(၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၃)က သူ့ရဲ့ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း ၁၀ ရင်းကို ပေးပို့ခဲ့တဲ့ လျှို့ဝှက်အဆင့် ကြေးနန်းတစ်စောင်မှာ ခမရ ၃၈၀၊ ခမရ ၃၈၃၊ ခမရ ၃၈၆၊ ခမရ ၃၃၈နဲ့ ခမရ ၃၈၉ တို့မှာ တပ်သားဦးရေ ၁၀၀ စီတောင် မပြည့်သေးတဲ့အတွက် သက်ဆိုင်ရာတပ်ရင်းမှူးတွေအနေနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အမြန်စုဆောင်း ဖြည့်တင်းထားကြဖို့ ထည့်သွင်းမှာကြားခဲ့တာကို တွေ့ရပါတယ်။ စကခ-၃ ရဲ့  ကျန်တပ်ရင်း ငါးခုမှာလည်း အင်အား ၁၀၀ကျော်စီသာရှိတာကို တွေ့ရ ပါတယ်။

ဒါကြောင့် ဗိုလ်သန်းရွှေလက်ထက်မှာ တိုက်ခိုက်ရေးတပ်ရင်း တစ်ရင်းကို လွန်ရောကျွံရော ပျမ်းမျှအင်အား ၂၀၀နှုန်းနဲ့ တွက်ကြည့်မယ် ဆိုရင်တောင် ကက(ကြည်း)ရဲ့ စုစုပေါင်းတိုက်ခိုက်ရေးအင်အားဟာ ၂၀၀X ၅၂၂=၁၀၄,၄၀၀ (တစ်သိန်းနဲ့လေးထောင်ကျော်)သာ ရှိနိုင်ပါတယ်။

ဒေါက်တာမောင်အောင်မျိုးက ၁၉၉၀ နောက်ပိုင်း တပ်မတော်(ရေ)ရဲ့ အင်အားကို ၂၂,၀၀၀ လောက်၊ တပ်မတော်(လေ)ရဲ့အင်အားကို ၂၃,၀၀၀ လောက်၊ ရှိနိုင်တယ်လို့ ခန့်မှန်းဖေါ်ပြထားတဲ့အတွက် သူပြောသမျှ အတည်ယူပြီး တပ်မတော်(ရေ)၊ တပ်မတော်(လေ)နဲ့ လက်ရုံးအကူဝန်ထမ်း တပ်အင်အားတွေပါ ထည့်တွက်မယ်ဆိုရင်လည်း ဗိုလ်သန်းရွှေလက်ထက် မြန်မာ့တပ်မတော်ရဲ့ ကြည်း/ရေ/လေ အင်အားအရပ်ရပ်ဟာ တစ်သိန်းခွဲနဲ့ နှစ်သိန်းအကြားမှာသာ ရှိတာကြောင့် သူ စိတ်ကူးယဉ်မျှော်မှန်းခဲ့တဲ့ အင်အား ငါးသိန်းရှိပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မီတပ်မတော်ကြီး ဆိုတာနဲ့ အလွန် အလှမ်းကွာဝေးခဲ့တာကို တွေ့နိုင်ပါတယ်။

ဗိုလ်သန်းရွှေဟာ သူကိုယ်တိုင်စခဲ့ပြီး သူကိုယ်တိုင်တာဝန်ယူ မဖြေ ရှင်းနိုင်ခဲ့တဲ့ အဲဒီ ဖွဲ့စည်းပုံပျက်၊ စည်းပျက်ကမ်းပျက်၊ ဗိုလ်တစ်ထောင်တပ် ကြီးကို ၂၀၁၁ ခုနှစ် မတ်လမှာ မင်းအောင်လှိုင်ရဲ့လက်ကို “ဝကွက်” ပြီး ထိုးထည့်ပေးခဲ့ပါတယ်။ 

နဂိုမူလတည်းက အရည်အချင်းနုံချာသူဖြစ်တဲ့ မင်းအောင်လှိုင်ရဲ့ လက် ထက်မှာ သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ နိုင်ငံတကာရဲ့ ဖိအားတွေကြောင့် စစ်သားစုဆောင်းဖို့ အခက်အခဲမျိုးစုံနဲ့ ပိုမိုကြုံတွေ့လာ ရပြီး တိုက်ခိုက်ရေးတပ်ရင်းတွေရဲ့ အင်အားဟာ ပျမ်းမျှ ၂၀၀အောက်ကို ကျဆင်းရောက်ရှိလာတာ တွေ့ရပါတယ်။ 

တပ်ရင်းတစ်ရင်းရဲ့ ရှေ့ထွက်အင်အားဟာ ၁၀၀တောင်မပြည့်တော့ တဲ့အတွက် မင်းအောင်လှိုင်ဟာ ကြံရာမရဖြစ်ပြီး ၂၀၁၃ အောက်တိုဘာလ မှာ အင်အား ၁၇၀၊ ၁၈၀၊ ၂၀၀ အသီးသီးပါရှိမယ့် တပ်ရင်းဖွဲ့စည်းပုံ မူကြမ်း  အဆိုပြုချက်တွေကို တပ်တွင်းမှာ တိုးတိုးတိတ်တိတ် ထုတ်ပြန်ခဲ့ရပါတယ်။

ဖဆပလအစိုးရလက်ထက်မှာ ဗိုလ်နေဝင်းလုပ်ခဲ့သလို ဖွဲ့စည်းပုံ မပြည့်တဲ့ တပ်ရင်းတွေကို စုပေါင်းစပ်ပေါင်းလုပ်ပြီး အထူးတပ်မဟာတွေ အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ သွေးတိုးစမ်း စီစဉ်ကြည့်ခဲ့တာ ဖြစ်ပါတယ်။

 အဲဒီအစီအစဥ်အရ ရန်ကုန်တိုင်း ထူးကြီးအခြေစိုက် အမှတ်(၄)  စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၄)က တပ်ရင်းတချို့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်အောက်ကို လွှဲပြောင်းပေးအပ်ပြီး ကျန်တပ်ရင်းတချို့ကို “အမှတ်(၄)လေကြောင်းချီတပ်မဟာ” ဆိုပြီး အမည်ပြောင်းယုံသာ ဆောင် ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အင်အား ၁၀၀ကျော်၊ ၂၀၀နီးပါးနဲ့ ဖေါင်းပွနေတဲ့တပ်ရင်းတွေကို တပ်မဟာတွေအဖြစ် စုပေါင်းစပ်ပေါင်း လုပ်ရမယ့်အစီအစဥ်မှာ ပိုလျှံလာ မယ့် ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ စတဲ့ ထိပ်ပိုင်းအရာရှိ အများစုကို ပေးစရာနေရာမရှိ ဖြစ်နေတာကြောင့် တိုင်ပတ်ပြီး ရွာလည် နေတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

ဒါကြောင့် မင်းအောင်လှိုင် အာဏာသိမ်းရခြင်းရဲ့ အကြောင်းရင်းတွေ ထဲမှာ ဗိုလ်တစ်ထောင်တပ်က ပိုလျှံနေတဲ့ စစ်ဘက်အရာရှိတွေကို အရပ်ဘက်ဝန်ကြီးဌာနတွေကို ခွဲဝေပေးပို့နိုင်ဖို့လည်း အကြောင်းတစ်ချက် အနေနဲ့ ပါဝင်ကောင်းပါဝင်နိုင်တယ်လို့ တပ်တွင်းမှာ သုံးသပ်ပြောဆိုနေကြ ပါတယ်။

အခု မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ တပ်ထဲကို ဝင်ချင်သူမရှိသလောက် ဖြစ်နေပြီး တစ်ပြည်လုံးအနှံ့ ဖြစ်ပွားနေတဲ့တိုက်ပွဲ တွေမှာလည်း နေ့စဉ် ရာနဲ့ချီကျဆုံးနေတဲ့အပြင် ဒုဗိုလ်မှူးကြီးအဆင့်တွေပါ CDM လုပ်သူလုပ်၊ စစ်ကြောင်းလိုက်၊ တပ်ခွဲလိုက်၊ လက်နက်ချသူချ နဲ့ တပ်ပျက်နေချိန်ဖြစ်တဲ့အတွက် ခြေလျှင်/ခြေမြန် တိုက်ခိုက်ရေး တပ်ရင်း တစ်ခုရဲ့ အင်အားဟာ စာရင်းအရ ၁၃၀-၁၅၀လောက်သာ ရှိတော့တာကို တွေ့ရပါတယ်။ 

ဒါပေမဲ့ လက်တွေ့မှာ အဲဒီလောက်တောင် မရှိတော့တဲ့အတွက် ဒုတပ်ချုပ် ဗိုလ်စိုးဝင်းက ရှေ့တန်းထွက်ရင် ထုတ်နှုတ်အင်အား အနည်းဆုံး ၈၀ ရှိရမယ်ဆိုပြီး ညွှန်ကြားထားပေမယ့် ၅၀ ပြည့်အောင်တောင် အသည်းအသန် ကြိုးစားနေကြရပြီလို့ ဆိုပါတယ်။ 

ဒါကြောင့် မင်းအောင်လှိုင်လက်ထက် မြန်မာ့တပ်မတော် ကြည်းတပ် ရဲ့ တိုက်ခိုက်ရေးအင်အားဟာ တစ်သိန်းတောင်မပြည့်တော့ပဲ ခြောက်သောင်း၊ ခုနစ်သောင်းလောက်သာ ရှိနိုင်တော့တာကြောင့် ဟိတ်ဟန်သာရှိပြီး မကိုက် နိုင်တဲ့ စက္ကူကျားဘဝကို ရောက်ရှိနေပြီဖြစ်ကြောင်း သုံးသပ်တင်ပြလိုက် ရပါတယ်ခင်ဗျား။    ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly