ရုရှား-မြန်မာ ဆက်ဆံရေး၊ လုံခြံုရေးနှင့် “အာရှရာစု” အကြောင်း ရုရှား သံအမတ်ကြီး ဆွေးနွေး (အပိုင်း-၂)

ရုရှား-မြန်မာ ဆက်ဆံရေး၊ လုံခြံုရေးနှင့် “အာရှရာစု” အကြောင်း ရုရှား သံအမတ်ကြီး ဆွေးနွေး (အပိုင်း-၂)

ယမန်နေ့မှ အဆက်

မဇ္ဈိမ အယ်ဒီတာချုပ် ဦးစိုးမြင့်သည် ရုရှားသံအမတ်ကြီး မစ္စတာ Vasily Pospelov နှင့် အင်တာဗျူး တစ်ခု ပြုလုပ်ခဲ့ရာ၊ ကာလကြာရှည်စွာ ကတည်းက တည်ရှိခဲ့သော ရုရှား-မြန်မာ ဆက်ဆံရေးအ ကြောင်းနှင့် ကမ္ဘာ့ပါဝါဟန်ချက် အာရှသို့ ရွေ့လျားလာခြင်းနှင့် ပတ်သက်သော အမြင်များကို ရုရှား သံအမတ်ကြီးက ပြောပြခဲ့သည်။ ရုရှားသံအမတ်ကြီး နှင့် အင်တာဗျူး ပထမပိုင်းတွင် ရုရှား-မြန်မာဆက်ဆံရေး၊ မြန်မာနိုင်ငံရဲ့ အရပ်သားအစိုးရ ပထမ ငါးနှစ်တာ သက်တမ်းအပေါ် သုံးသပ်မှု၊ အခုတက်လာမယ့် NLD အစိုးရအပေါ် မျှော်လင့်ချက် စတာတွေအပြင် ရုရှားနိုင်ငံ နဲ့ မြန်မာနိုင်ငံရဲ့ စစ်ဘက်ရေးရာ၊ သံတမန်ရေးရာ ဆက်သွယ်ဆောင်ရွက်မှုတွေကို ပြည့်ပြည့်စုံစုံ မေးမြန်းထားသလို ဒုတိယပိုင်းတွင်မူ ရုရှားနှင့် ကမ္ဘာ့နိုင်ငံများ၏ ဆက်ဆံရေး၊ အာဆီယံနှင့် ဆက်ဆံရေးအပြင် မြန်မာနိုင်ငံ နှင့် ရုရှားနိုင်ငံ၏ အခြေအနေကို နှိုင်းယှဉ်မှုများကို ဖတ်ရှုရမည်ဖြစ်သည်။

မဇ္ဈိမ - ကမ္ဘာ့စင်မြင့်မှာ ရုရှားဟာ အခုဘယ်လို အနေအထား ရှိပါသလဲ။ ရုရှားသမ္မတ ပူတင်လက် ထက်မှာ ရုရှားဟာ ယုံကြည်မှု ပိုမြင့်လာပုံ ရပါတယ်။ ရုရှားနဲ့ကပ်နေတဲ့ ဥရောပ နိုင်ငံတွေမှာ၊ ထင်ရှားတာကတော့ ယူကရိန်းမှာ၊ အမေရိကန်နဲ့ နေတိုးရဲ့ လုပ်ဆောင်မှု အများအပြားကို ရုရှားက ပယ်ရှား တွန်းလှန်တာကို တွေ့ရပါတယ်။ အရှေ့အလယ်ပိုင်း ကိစ္စမှာလည်း ရုရှားက ပိုပြီး တက်ကြွလာပါတယ်။
 
သံအမတ်ကြီး - ရုရှားဟာ ကမ္ဘာ့အကြီးဆုံး နိုင်ငံ၊ နူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ အင်အားကြီး နိုင်ငံ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ဖြစ်တာမို့ နိုင်ငံတကာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို အကာအကွယ် ပေးရေးအတွက် ရုရှားမှာ တာဝန်ရှိတယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်။ ဒါကြောင့်မို့ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုအနေနဲ့ အရမ်းတက်ကြွတဲ့ အခန်းကဏ္ဍ ကနေ ကျွန်တော်တို့ ပါဝင် လှုပ်ရှားနေတာဟာ တော်တော်လေး သဘာဝ ကျပါတယ်။

ကျွန်တော်တို့ရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ နိုင်ငံတကာ အခြေအနေဟာ ယိုယွင်းလာပြီး အခုဆိုရင် တော်တော်လေး ရှုပ်ထွေးနေပါတယ်။ ဦးတည်ရာ နှစ်ခုကို ကျွန်တော်တို့ မြင်နေရပါတယ်။ တစ်ခုကတော့ ပိုပြီး တရားမျှတမယ့်၊ ပိုပြီး တန်းတူညီမျှမှုရှိမယ့် “စနစ်သစ် ကမ္ဘာအုပ်ချုပ်ရေး” (New world order) တည်ဆောက်ရေး လမ်းကြောင်း၊ လူတွေနဲ့ အပြန်အလှန် ဆောင်ရွက်ဖို့ ပါဝင် လှုပ်ရှားသူတွေ အများအပြားရှိမယ့် Polycentric ကို ရပ်တန့်ဖို့ တချို့ နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေပါ။

တချို့ နိုင်ငံတွေဟာ သူတို့ရဲ့ လွှမ်းမိုးမှုကို ဆက်ပြီး ထိန်းသိမ်းထားလိုကြပါတယ်။ အဲဒါကလည်း အကြောင်းရင်း တစ်ခုပါပဲ။ စိတ်ပူစရာကောင်းတဲ့ ဒုတိယ လားရာကတော့ အရှေ့အလယ်ပိုင်းမှာ မတည်ငြိမ်မှုတွေ ကြီးထွားလာတာပါ။ ပြင်ပကပါ ဝင်စွက်ဖက် မှုတွေကလည်း မတည်ငြိမ်မှုတွေကို အတိုင်းအတာတစ်ရပ်အထိ လွန်ခဲ့တဲ့ သုံးနှစ်က ဆွပေးခဲ့တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ မတည်ငြိမ်မှုတွေဟာ အကြမ်းဖက် လှုပ်ရှားမှုတွေ၊ ISIL အဖွဲ့ ပြဿနာနဲ့ ဒီနေ့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ တခြား ပြဿနာတွေကို အရှိန်မြင့်လာစေပါတယ်။

ဥရောပမှာလည်း ရှုပ်ထွေးမှုတွေ ရှိပါတယ်။ ယူကရိန်း မတည်မငြိမ်ဖြစ်စေဖို့ ပြင်ပ နှောင့်ယှက် စွက်ဖက်မှုတွေ ရှိခဲ့ပြီး၊ အဲဒါဟာ တခြားနိုင်ငံတွေနဲ့ အငြင်းအခုံဖြစ်ရမယ့် ဖြစ်စဉ်တွေဆီ ဦးတည် သွားစေခဲ့ပါတယ်။ ဒါပေမဲ့ ရေရှည်မှာတော့ ကျွန်တော်တို့ အကောင်းမြင်ထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံတကာ ဆက်ဆံရေးမှာ ဒီမိုကရေစီ ကျင့်သုံးရေးနဲ့ ပိုပြီး တရားမျှတမှုရှိတဲ့ အစီအမံသစ်တွေ တည်ထောင်ရေးဆိုတဲ့ ဒီလမ်းကြောင်းဟာ သမိုင်းကြောင်းရှိတဲ့ လမ်းကြောင်းပါ။

ကျွန်တော်တို့ဟာ နိုင်ငံတွေအများကြီးနဲ့ အရမ်းကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ နိုင်ငံ အများအပြားကလည်း ရုရှားလိုပဲ တွေးကြတာပါ။ ဥပမာအားဖြင့် ရုရှားမှာ ပြီးခဲ့တဲ့နှစ်က BRICS နိုင်ငံတွေရဲ့ထိပ်သီး ညီလာခံတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာ့ စီးပွါးရေးစနစ်ကို ပြောင်းလဲပစ်ဖို့ လိုအပ်ကြောင်းနဲ့ ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းရာမှာ နိုင်ငံတွေအားလုံး တန်းတူရည်တူ ပါဝင်နိုင်မယ့် နိုင်ငံရေး အစီအမံမျိုးဖြစ်အောင် ပြောင်းလဲဖို့ဆိုတဲ့ သူတို့ရဲ့ ခိုင်မာတဲ့ အမြင်တွေကို ညီလာခံမှာ BRICS နိုင်ငံတွေက ဖော်ပြခဲ့ကြပါတယ်။

ကျွန်တော်တို့ဟာ စုပေါင်းအားထုတ်မှု၊ စုပေါင်းဆုံးဖြတ်ချက် တွေနဲ့ တိုးတက်အောင် ကြိုးပမ်းသင့်ကြောင်းလည်း ဖော်ပြခဲ့ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ တက်ကြွတဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေကို ဆက်လုပ်ဆောင် သွားမှာပါ။ ဆီးရီးယားမှာဆိုရင်လည်း ဆီးရီးယား တရားဝင်အစိုးရရဲ့ မေတ္တာ ရပ်ခံချက်နဲ့အညီ၊ ကျွန်တော်တို့ရဲ့ လေတပ်ဟာ စစ်ဆင်ရေးမှာ ပါဝင်ခဲ့ပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်မှုမှာ ရုရှား လေတပ်ရဲ့ ပါဝင်မှုဟာ မြေပြင်မှာလည်း အခြေအနေကို အကြီးအကျယ် ပြောင်းလဲစေတယ်လို့ ကျွန်တော် နားလည်ထားပါတယ်။

ဒါပေမဲ့ အကြမ်းဖက်မှုကို လေကြောင်းစစ်ဆင်ရေးတွေ၊ စစ်ရေးတိုက်ခိုက်မှုတွေနဲ့ အနိုင်ယူလို့ မရနိုင်ပါဘူး။ ဒါကြောင့်မို့ ဂျီနီဗာစည်းမျဉ်းတွေကို အခြေခံတဲ့ နိုင်ငံရေး အဖြေတစ်ရပ် ဆီးရီးယားမှာ ပေါ်ပေါက်လာဖို့ ကျွန်တော်တို့ မျှော်လင့်ထားပြီး၊ ဒီနေ့ပြုလုပ်နေကြတဲ့ ဆွေးနွေးမှုတွေ အားလုံးကလည်း အဲဒါကို အခြေခံထားတာပါ။ ဆွေးနွေးပြောဆိုမှုတွေဟာ ဆီးရီးယားမှာ နိုင်ငံရေး အဖြေတစ်ရပ် ရရှိရေးနဲ့ ဆီးရီးယားကို ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးနိုင်မယ့် ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်နိုင် ဖို့ကို ဦးတည် ဆွေးနွေးကြတာပါ။

မဇ္ဈိမ - အာရှမှာ ရုရှားရဲ့ နေရာနဲ့ အခန်းကဏ္ဍကို ယေဘုယျအားဖြင့် ခင်ဗျား ဘယ်လိုမြင်လဲ။ ပြီးတော့ ရုရှားနဲ့ မြန်မာ ဆက်ဆံရေးကို ဘယ်လိုမြင်လဲ။ ဥပမာ တရုတ်နဲ့ ဆက်ဆံရေး ဒါမှမဟုတ် အမေရိကန်နဲ့ ဆက်ဆံရေးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်ပေါ့။
 
သံအမတ်ကြီး - ရုရှားရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုက အာရှမှာဖြစ်တာကြောင့် ရုရှားဟာ အာရှ-ပစိဖိတ်နဲ့ တစ်သားတည်းရှိနေတဲ့ အစိတ်အပိုင်းတစ်ခုလို့ ကျွန်တော်တို့ မြင်တဲ့အတွက် နိုင်ငံရေး အားထုတ်မှုနဲ့ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုတွေမှာ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အာရှပစိဖိတ်နဲ့ အာရှနဲ့ ပတ်သက်ပြီး “အာရှရာစု” ဆိုပြီး ပြောနေကြတာတွေ အများကြီး ရှိပါတယ်။ ဒီဒေသ ဖွံ့ဖြိုးရေး အလားအလာကို ကျွန်တော်တို့ တွေ့မြင်ထားတဲ့အပြင် ပါဝါနဲ့ စီးပွါးရေး စွမ်းအားတွေ အာရှဆီကို အကူးအပြောင်းဟာ အရမ်းအရေး ကြီးတဲ့ ကမ္ဘာ့လားရာ တစ်ခုပါ။

အာရှမှာ ပူးပေါင်းဆောင်ရွက်ရေး တိုးမြင့်လာစေဖို့ တက်ကြွတဲ့ ခြေလှမ်းတွေ ကျွန်တော်တို့ လှမ်းမှာပါ။ ကျွန်တော်ပြောခဲ့တဲ့ BRICS ဟာ ဒေသဆိုင်ရာ အဖွဲ့မဟုတ်ပေမဲ့ အဖွဲ့ဝင်နိုင်ငံ သုံးခုဟာ အာရှကပါ။ ဒါကြောင့် BRICS ဟာ အာရှအခြေအနေတွေကို လေးလေးနက်နက် အာရုံစိုက်ပါတယ်။

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း တိုးတက်လာပါတယ်။ အခုဆိုရင် အိန္ဒိယနဲ့ နိုင်ငံတချို့ဟာ အဲဒီအဖွဲ့ထဲကို ဝင်ရောက်ချင်နေကြတာကို ခင်ဗျားလည်း မြင်မှာပါ။ ခြားနားတဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့အတွက် အခြေခံ အဖွဲ့အစည်းသစ်တစ်ခု ဖြစ်လာပါပြီ။ အစကဆိုရင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဟာ နယ်စပ်လုံခြုံရေး ကိစ္စလောက်ကိုပဲ အာရုံစိုက်ခဲ့တာပါ။ နိုင်ငံ ငါးနိုင်ငံရဲ့ နယ်စပ်ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်း တစ်ခုအနေနဲ့ အဲဒီအဖွဲ့ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖွဲ့ခဲ့တာပါ။

အခုအချိန် မှာတော့ အဲဒီအဖွဲ့ဟာ အကြမ်းဖက်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အလေးအနက်ထား ဆောင်ရွက်တဲ့ ကြီးမားတဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့တစ်ခု ဖြစ်လာပါပြီ။ အသစ်ဖြစ်ထွန်းလာမှုကတော့ အခုဆိုရင် ကျွန်တော်တို့ဟာ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ရဲ့စီးပွါးရေး အလားအလာတွေ အကြောင်း ဆွေးနွေးနေကြပါပြီ။

လာမည့်နှစ်မှာ ရုရှား-အာဆီယံဆွေးနွေးပွဲ ရှိပါတယ်။ ဒါကြောင့်မို့ ထိပ်သီး အစည်းအဝေးမှာ ကျွန်တော် တို့ဟာ အာဆီယံခေါင်းဆောင်တွေနဲ့ ဆွေးနွေးကြမှာပါ။ ကျွန်တော်တို့ရဲ့ ဆွေးနွေးပွဲဟာ အရမ်း အရေးကြီးပါတယ်။ အဲဒါဟာ အာဆီယံ ပေါင်းစည်းရေးရဲ့ ဒေါက်တိုင်သုံးခုကိုလည်း အထောက်အကူ ဖြစ်စေမှာပါ။ အာဆီယံရဲ့ ကြားနေဝါဒကို ကျွန်တော်တို့ ထောက်ခံပါတယ်။ အာဆီယံအဖွဲ့အတွင်း ပေါင်းစည်းရေး ကိုလည်း ကျွန်တော်တို့ ထောက်ခံပါတယ်။

နိုင်ငံရေး ကိစ္စရပ်တွေမှာ၊ စီးပွါးရေး နယ်ပယ်တွေမှာ၊ လူမှုရေးနဲ့ ယဉ်ကျေးမှု နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေးကို အားပေး ထောက်ခံဖို့လည်း အသင့်ရှိပါတယ်။ အဲဒီကိစ္စတွေအားလုံးကို သမ္မတပူတင်နဲ့ အာဆီယံ ခေါင်းဆောင်တွေ ဆွေးနွေးကြမှာပါ။ နိုင်ငံရေး မှတ်တမ်းမှတ်ရာတစ်ခုနဲ့ ဆောင်ရွက်မှု အစီအစဉ် တစ်ခု ထွက်ပေါ်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့် ထားပါတယ်။

လုံခြုံရေးနယ်ပယ်နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ဟာ တစ်သားတည်း ရှိမယ့် လုံခြုံရေးဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံသစ်နဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အဆိုပြုချက်တစ်ခုကို တရုတ်နိုင်ငံနဲ့ အတူ အဆိုပြုထားပါတယ်။ တစ်သားတည်းရှိမယ့် လုံခြုံရေးဆိုတာက အရမ်း ရှင်းပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ နိုင်ငံ့ လုံခြုံရေးကို မြှင့်တင်တဲ့ နေရာမှာ တခြား နိုင်ငံတွေကို မထိခိုက်စေသင့်ဘူးဆိုတဲ့ အချက်ပါ။

အခုဆိုရင် ကျွန်တော်တို့မှာ အရှေ့အာရှ ထိပ်သီးညီလာခံ ဆွေးနွေးမှု နှစ်ကျော့၊ သုံးကျော့ လောက် ရှိနေပါတယ်။ နိုင်ငံအများအပြားမှာ အဆိုပြုချက်တွေ ရှိနေကြပါတယ်။ အင်ဒိုနီးရှားမှာလည်း သူ့ကိုယ်ပိုင် အဆိုပြုချက်တွေ ရှိနေပါတယ်။ ဆွေးနွေးမှုတွေကို အိန္ဒိယ၊ တရုတ်၊ ရုရှားနဲ့ တခြားနိုင်ငံ အများအပြားက စိတ်ဝင်စားကြပြီး၊ ရေရှည်အတွက် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အာရှပစိဖိတ် ဒေသ ပူးပေါင်းဆောင်ရွက်ရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးရေး စတာတွေနဲ့ ပတ်သတ်တဲ့ စနစ်သစ်အတွက် ဥပဒေမူဘောင်တစ်ခု ပေါ်ထွက်လာအောင် ဆောင်ရွက်ဖို့ပါ။

စီးပွါးရေးကဏ္ဍနဲ့ ပတ်သတ်ပြီး ပြောရမယ်ဆိုရင် ဒီဇင်ဘာတုန်းက သမ္မတပူတင်ဟာ ငါးနိုင်ငံပါဝင်တဲ့ ယူရေးရှားယူနီယံ၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့နဲ့ အာဆီယ တို့အကြား စီးပွါးရေး မိတ်ဖက် ပြုလုပ်ဖို့ ညှိနှိုင်း ဆွေးနွေးရေး အစီအစဉ်ပါဝင်တဲ့ စိတ်ဝင်စားစရာ အဆိုပြုချက်တစ်ခုကို တင်ပြခဲ့ပါတယ်။ အဲဒါဆိုရင် နိုင်ငံအများကြီး အကျုံးဝင်မှာပါ။

ကျွန်တော်တို့ဟာ ဗီယက်နမ်နဲ့လည်း လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် တစ်ရပ် ရရှိခဲ့ပါတယ်။ ဒါကြောင့် မကြာမီမှာ အာဆီယံနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် ရလာနိုင်ချေ ရှိပါတယ်။ ကျွန်တော်တို့ဟာ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ရဲ့ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုကိုလည်း ထည့်သွင်း စဉ်းစား ရမှာပါ။ ယူရေးရှားယူနီယံ၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့နဲ့ အာဆီယံ၊ အဲဒီသုံးဖွဲ့ဟာ စီးပွါးရေး မိတ်ဖက်စနစ်သစ်ရဲ့ အဖွဲ့ဝင်သုံးခု၊ အဓိက ဒေါက်တိုင်သုံးခု ဖြစ်လာသင့်ပါတယ်။ အဲဒါဟာ အာရှလုံခြုံရေးနဲ့ စီးပွါးရေး ပူးပေါင်းဆောင်ရွက်ရေး အတွက် ကျွန်တော်တို့ရဲ့ ချဉ်းကပ်ပုံလည်း ဖြစ်ပါတယ်။

 မဇ္ဈိမ- ရုရှားနဲ့ မြန်မာ ဆက်ဆံရေးကိုရော သံအမတ်ကြီး ဘယ်လိုမြင်လဲ။ တရုတ် ဒါမှမဟုတ် အမေရိကန်နဲ့ နှိုင်းယှဉ်ကြည့်ရင်ပေါ့။
 
သံအမတ်ကြီး - မြန်မာနိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးမှာ သူ့ကိုယ်ပိုင် အခြေအနေ၊ သမိုင်းကြောင်းနဲ့ အရှိတရားတွေ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို တရုတ်-မြန်မာ ဆက်ဆံရေး ဒါမှမဟုတ် အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ မနှိုင်းယှဉ်ချင်ပါဘူး။ ဥပမာ တရုတ်ဟာ မြန်မာရဲ့ အိမ်နီးချင်း နိုင်ငံတစ်ခုပါ။ ဒါကြောင့် ကုန်သွယ်ရေးပမာဏနဲ့ နှစ်နိုင်ငံ ပြည်သူအချင်းချင်း အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုတွေ ပိုများမှာပါ။ ကျွန်တော်တို့ဟာ ခြားနားတဲ့ အနေအထားတွေမှာ ရှိနေကြတာပါ။ ပိုပြီး ယေဘုယျကျကျ ပြောရမယ်ဆိုရင် နိုင်ငံအချင်းချင်း ဆက်ဆံရေးတွေကို ပြိုင်ဆိုင်မှုပုံစံမျိုး၊ လွှမ်းမိုးနိုင်ရေး အတွက် ကြိုးပမ်းရုန်ကန်တဲ့ ပုံစံမျိုးတွေနဲ့ စဉ်းစားဖို့ သင့်တော်တယ်လို့ ကျွန်တော်တို့ မထင်ပါဘူး။ နိုင်ငံအချင်းချင်း ဆက်ဆံ ရေးတွေဟာ အပြန်အလှန် အမှီသဟဲ ပြုနေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

မြန်မာနိုင်ငံမှာ ပြဿနာတွေ၊ လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးမှာ ပါဝင်ဆောင်ရွက်ကြဖို့အတွက် နိုင်ငံတွေ အားလုံးဟာ နည်းလမ်း ရှာဖွေနိုင်ပါတယ်။ ပြိုင်ဆိုင်မှုတွေနဲ့ တခြားနိုင်ငံတွေက လွှမ်းမိုးခြယ်လှယ်လိုတဲ့ သဘောထားတွေဟာ သင့်တော်တယ်လို့ ကျွန်တော်တို့ မယူဆပါဘူး။ အပြန်အလှန် အကျိုးဖြစ်ထွန်းမယ့် ဆက်ဆံရေးမျိုးကိုပဲ ကျွန်တော်တို့ ရှာဖွေတာပါ။

နိုင်ငံတိုင်းဟာ တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေး ထူထောင်တဲ့အခါ ဒါမှမဟုတ် နိုင်ငံတကာအဆင့် ဆောင်ရွက်မှု တစ်ခုခု ပြုလုပ်တဲ့အခါ တခြားနိုင်ငံတွေရဲ့ အကျိုးစီးပွါးကိုလည်း ထည့်သွင်း စဉ်းစားသင့်တယ် ဆိုတာက ကျွန်တော်တို့ နိုင်ငံရဲ့ သဘောထားလို့ ကျွန်တော် ထင်ပါတယ်။ ဟန်ချက်ညီညီ သတိရှိရှိနဲ့ ရှေ့ဆက်ရမှာပါ။
 မဇ္ဈိမ - နောက်ဆုံးမေးခွန်းတစ်ခုကို မေးခွင့်ပြုပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက ရုရှားဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေကောင်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံ တည်ဆောက်ရေးတွေ၊ ဖက်ဒရယ် တည်ထောင်ရေးတွေနဲ့ ပတ်သတ်ပြီး သံအမတ်ကြီး ဘယ်လို အကြံပေးချင်ပါသလဲ။

သံအမတ်ကြီး - အကြံပေးဖို့အတွက် ကျွန်တော် တုံ့ဆိုင်းမိပါတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ ဒါဟာ မြန်မာနိုင်ငံရဲ့ အစဉ်အလာ၊ သမိုင်းကြောင်းနဲ့ နိုင်ငံသားတွေရဲ့ သဘောထားတွေနဲ့အညီ မြန်မာနိုင်ငံကသူတွေ ဆုံးဖြတ်ကြရမှာပါ။ ကျွန်တော်တို့ကို မေးလာရင်တော့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံကိုတော့ မျှဝေပေးနိုင်ပါတယ်။ ဖက်ဒရယ်ကိစ္စလည်း ခင်ဗျားက မေးထားပါတယ်။ ဒါဟာ အရမ်းလေးနက်တဲ့ ကိစ္စတစ်ခုလို့ပဲ ကျွန်တော် ပြောနိုင်ပါတယ်။ ပြီးတော့ အဲဒါဟာ နိုင်ငံရေး ကြွေးကြော်သံတစ်ခု သက်သက် မဖြစ်နိုင်ပါဘူး။ ဖက်ဒရယ်စနစ်မှာ အာဏာမျှဝေခြင်း၊ သယံဇာတ မျှဝေခြင်း၊ ငွေကြေးတွေ လွှဲပြောင်းပေးခြင်း စတဲ့ ရှုပ်ထွေးတဲ့ စီစဉ်ဆောင်ရွက်စရာတွေ ရှိတာ ခင်ဗျားသိမှာပါ။ ဒါကြောင့်မို့ ဒီကိစ္စကို အရမ်း ချင့်ချင့်ချိန်ချိန်နဲ့ လေးလေးနက်နက် ဆွေးနွေး ဆောင်ရွက်သင့်ပါတယ်။

ကျွန်တော်တို့ရဲ့ အမြင်၊ ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ဆိုဗီယက် ပြည်ထောင်စုသာမက ရုရှားဖက်ဒရေးရှင်းပါ ပြည်ထောင်စုတစ်ခု ဖြစ်ပါတယ်။ စီစဉ် ဆောင်ရွက်မှုတွေရဲ့ ကွဲပြားခြားနားတဲ့ အဆင့်တွေကို ကျွန်တော်တို့ လျှောက်လှမ်း ခဲ့ပါတယ်။ ဒီကိစ္စဟာ အရမ်းလေးလေးနက်နက် စဉ်စားရမယ့်ကိစ္စပါ။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံကို ကျွန်တော်တို့ မျှဝေပေးနိုင်ပါတယ်။ ဥပမာဆိုရင် ဘဏ္ဍာရေးကိစ္စတွေမှာ၊ ပိုပြီး ချမ်းသာတဲ့ ဒေသနဲ့ သိပ်မချမ်းသာတဲ့ ဒေသအကြား ဘယ်လို ထိန်းညှိရမလဲဆိုတာကို စဉ်းစားရပါမယ်။ ရုရှားမှာလည်း အလားတူ ပြဿနာတွေ ရှိပါတယ်။

တချို့ဒေသတွေမှာ ဒေါ်လာတွေရှိပြီး၊ တချို့ဒေသတွေကတော့ အကူအညီတွေ လက်ခံ ရယူရမယ့် ဒေသတွေပါ။ အရင်းအမြစ်တွေကို စနစ်တကျ ထိထိရောက်ရောက် ပြန်ဖြန့်ဖြူးပေးနိုင်မယ့် စနစ်တစ်ခု လိုပါတယ်။ ဒါမှ ပိုပြီးတိုးတက်နေတဲ့ ဒေသတွေ မနစ်နာဘဲ သူတို့ရဲ့ ဖွံ့ဖြိုးမှုတွေ ဆက်ပြီး လှှုပ်ရှား သက်ဝင်နေမှာပါ။ တစ်ချိန်တည်းမှာပဲ အဲဒီဒေသတွေဟာ တခြားဒေသတွေ ဖွံ့ဖြိုးဖို့အတွက်လည်း ကူညီရမှာပါ။

တခြားပြဿနာတွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် သဘာဝသယံဇာတ ကိစ္စပါ။ ရုရှားမှာတော့ သဘာဝသယံဇာတတွေကို နိုင်ငံတော်က ချုပ်ကိုင်ထားသင့်တယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယဉ်ကျေးမှု၊ ပညာရေး စတာတွေနဲ့ ပတ်သက်တဲ့ ပြဿနာလည်း ရှိပါတယ်။ တကယ်လို့ တစ်စုံတစ်ယောက်ဟာ နိုင်ငံတော်ဘာသာစကားနဲ့ သင်ကြား ပေးလိုတယ်၊ သင်ယူလိုတယ်ဆိုရင် ကျွန်တော်တို့ ကြိုဆိုကြပါတယ်။ ပြဿနာက လူတစ်ယောက်ဟာ မော်စကိုမှာရှိတဲ့ တက္ကသိုလ်ကို တက်မယ်ဆိုရင် ရုရှား ဘာသာစကား စာမေးပွဲကို အောင်ရမှာပါ။

ဒါကြောင့်မို့ နိုင်ငံတော် ဘာသာစကားရော ပြည်နယ် ဘာသာစကားကိုပါ လေ့လာသင့်ပါတယ်။ နိုင်ငံအများအပြားရဲ့ အမျိုးသား အမွေအနှစ်နဲ့ အမျိုးသားယဉ်ကျေးမှု အစဉ်အလာတွေ ထိန်းသိမ်း စောင့်ရှောက်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ အရမ်း အလေးအနက် ထားပါတယ်။ ကျွန်တော်တို့ဆီမှာ လူမျိုးစု ၁၅၀ ရှိပါတယ်။ မြန်မာမှာတော့ ၁၃၆ မျိုးပါ။ ဒါကြောင့် ဒီကိစ္စမှာ ကျွန်တော်တို့ဟာ အတိုင်းအတာတစ်ရပ်အထိ ဆင်တူပါတယ်။ အမျိုးသားယဉ်ကျေးမှုတွေ၊ အမျိုးသား ဓလေ့ထုံးတမ်း အစဉ်အလာတွေ ထိန်းသိမ်း စောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ အကောင်းဆုံး လုပ်ထုံးလုပ်နည်းတွေကို မျှဝေရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ ဆွေးနွေးခဲ့ပါ သေးတယ်။

အကြံမပေးပေမဲ့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကိုတော့ အလည်အပတ်ခရီးစဉ်တွေ၊ ဆွေးနွေးမှုတွေနဲ့ နှီးနှောဖလှယ်ပွဲတွေကနေတစ်ဆင့် မျှဝေပေးဖို့ ကျွန်တော်တို့ အဆင်သင့် ရှိနေပါတယ်။ အဲဒါဟာ အကြံပေးတာထက် ပိုပြီး သင့်တော်တယ်လို့လည်း ကျွန်တော် ထင်ပါတယ်။

ပြီးပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly