ဗဟိုဘဏ်ထံ ပေးထားသော အပ်ငွေများကို ပြန်လည်ထုတ်ယူခြင်းမပြုဘဲ ဆက်လက်ထားရှိရန် ဆော်ဒီအာရေဗျကို ပါကစ္စတန် တိုက်တွန်း

By The Print
14 May 2022
ဗဟိုဘဏ်ထံ ပေးထားသော အပ်ငွေများကို ပြန်လည်ထုတ်ယူခြင်းမပြုဘဲ ဆက်လက်ထားရှိရန် ဆော်ဒီအာရေဗျကို ပါကစ္စတန် တိုက်တွန်း

ပါကစ္စတန်ဗဟိုဘဏ်ထံ ပေးအပ်ထားသော ငွေများကို ပြန်လည်ရုပ်သိမ်းထုတ်ယူခြင်း မပြုဘဲ ဆက်လက်ထားရှိရန်နှင့် ပါကစ္စတန်နိုင်ငံအတွက် ရေနံဆိုင်ရာ အထောက်အပံ့ ပစ္စည်းများကို ဆက်လက် ထောက်ပံ့ပေးရန် ဆော်ဒီ အာရေးဗျကို ပါကစ္စတန်က မေတ္တာရပ်ခံလိုက်သည်။

“ပါကစ္စတန်ဗဟိုဘဏ်မှာ အပ်နှံပေးထားတဲ့ ငွေတွေကို ပြန်မရုပ်ဘဲ ဆက်ထားပေးဖို့ ဆော်ဒီအာရေဗျကို မိမိတို့အစိုးရဘက်က တောင်းဆိုခဲ့ပါတယ်။ နောက်ပြီး ပါကစ္စတန်အတွက် ရေနံ အထောက်အပံ့ပစ္စည်းတွေ ဆက်လက်ပံ့ပိုးပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်” ဟု ပါကစ္စတန် ဘဏ္ဍာရေး ဝန်ကြီး မစ်ဖ်တာ အစ္စမေးလ်က မေ ၄ ရက်တွင် ပြောသည်။

ထို့ပြင် ယခင်ဝန်ကြီးချုပ် အီမရန် ခန်း ဦးဆောင်သော အစိုးရက နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံ ပေးထားသည့် ကတိကဝတ်များသည် နိုင်ငံ၏ အကျိုးစီးပွားနှင့် ဆန့်ကျင်နေကြောင်းနှင့် “ထိုကတိကဝတ်များက မြေမြှုပ်မိုင်းများနှင့် မခြား ဆိုသလို ဖြစ်” နေကြောင်း အစ္စမေးလ်က ပြောခဲ့သည်ဟု The Express Tribune က ဖော်ပြသည်။

အီမရန် ခန်း အစိုးရသည် အဂတိလိုက်စားကြောင်း မစ်ဖ်တာ အစ္စမေးလ်က စွပ်စွဲခဲ့သလို ပန်ဂျပ်ပြည်နယ်၌ အပြောင်းအရွှေ့များနှင့် နေရာချထားမှုများကို မည်သည့်အတွက်ကြောင့် ဖာရာ (အီမရန် ခန်း၏ ဇနီးသည် ဘွတ်ရှ်ရာ ဘီဘီ၏ သူငယ်ချင်း) ၏ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ခဲ့သလဲ ဆိုပြီး မေးခွန်းထုတ်ခဲ့သည်။

“နိုင်ငံမှာ ပီတီအိုင်အစိုးရ ရာထူးသက်တမ်း ကုန်ဆုံးသွားပြီးနောက် ချက်ချင်းဆိုသလို ဘွတ်ရှ်ရာ ဘီဘီရဲ့ သူငယ်ချင်း ဖာရာ ဂိုဂီနဲ့ ရှက်ဇက်ဒ် အက်ခ်ဘာတို့ဟာလည်း နိုင်ငံကနေ ထွက်ခွာသွားကြပါတယ်” ဟု အစ္စမေးလ်က ပြောကြောင်း The Express Tribune က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly