ပါကစ္စတန်၏ ခိုင်ဘာပက်ခ်တွန်ခဝါ၊ ဆင်းဒ်နှင့် ဘာလိုချီစတန်ပြည်နယ်များတွင် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရ

ပါကစ္စတန်၏ ခိုင်ဘာပက်ခ်တွန်ခဝါ၊ ဆင်းဒ်နှင့် ဘာလိုချီစတန်ပြည်နယ်များတွင် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရ

ပါကစ္စတန်နိုင်ငံ၏ ခိုင်ဘာ ပက်ခ်တွန်ခဝါ၊ ဘာလိုချီစတန်နှင့် ဆင်းဒ် ပြည်နယ်တို့တွင် အစားအစာနှင့် လောင်စာ ဈေးနှုန်းများ မြင့်တက်ခြင်း၊ မိုးခေါင်ခြင်း၊ ခြံမွေးတိရစ္ဆာန် ရောဂါများနှင့် ကိုဗစ်-၁၉ ၏ သက်ရောက်မှုကြောင့် ဝင်ငွေရရှိစေသည့် အခွင့်အလမ်းများ အကြီးအကျယ် ဆုံးရှုံးခြင်းတို့ အပါအဝင် ရိုက်ခတ်မှု အများအပြားကြောင့် စားနပ်ရိက္ခာ မဖူလုံမှုများစွာ ဖြစ်ပေါ်စေခဲ့ကြောင်း မေ ၄ ရက်တွင် ထုတ်ပြန်သည့် ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။

စားနပ်ရိက္ခာ အကျပ်အတည်းများကို အတူတကွ ကိုင်တွယ်ဖြေရှင်းရန် လုပ်ဆောင်လျက်ရှိသော အစိုးရ အေဂျင်စီများ၊ အစိုးရမဟုတ်သည့် အေဂျင်စီများ၊ ဥရောပသမဂ္ဂ (အီးယူ) နှင့် ကုလသမဂ္ဂတို့ ပါဝင်သည့် မဟာမိတ်အဖွဲ့တစ်ခုဖြစ်သော ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အကျပ်အတည်းများ ဖြေရှင်းရေး ကွန်ရက်က “ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အကျပ်အတည်းများဆိုင်ရာ အစီရင်ခံစာ” ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဘာလိုချီစတန်နှင့် ဆင်းဒ် ပြည်နယ်တို့တွင် မိုးခေါင်ရေရှားမှု အခြေအနေများနှင့် ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ်တွင် မုတ်သုံ မိုးရေချိန် လုံလောက်စွာ မရရှိခြင်းတို့ကြောင့် သီးနှံ အထွက်နှုန်းနှင့် ခြံမွေးတိရစ္ဆာန် မွေးမြူထုတ်လုပ်မှုအပေါ် လျော့ကျစေခဲ့ပြီး ယင်းက နိုင်ငံတွင် အစားအစာ ဈေးနှုန်းများမြင့်တက်စေရန် အကြောင်းရင်းတစ်ခု ဖြစ်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်တွင် အခြေအနေသည် ပိုမို ဆိုးဝါးနေခဲ့ပြီး ယင်းပြည်နယ်သည် ဆယ်စုနှစ်တစ်စုကြာ ပဋိပက္ခ၏ ရိုက်ခတ်မှုကနေ ပြန်လည်နာလန်ထူနိုင်ရေး လုပ်ဆောင်သွားရရန် ရှိနေသည်။

ဇူလိုင်-သြဂုတ် အကဲဖြတ်မှု မတိုင်မီ သုံးလတာကာလအတွင်းက ခြံမွေးတိရစ္ဆာန် မွေးမြူထုတ်လုပ်မှုပိုင်းတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ခြံမွေးတိရစ္ဆာန် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနက် အများစု (ဘာလိုချီစတန်တွင် ၈၇ ရာခိုင်နှုန်းနှင့် ဆင်းဒ်ပြည်နယ်တွင် ၆၀ ရာခိုင်နှုန်း) က ပြောကြသည်။

အကြောင်းရင်းမှာ စားကျက်မြေနှင့် ရေ ရယူအသုံးပြုနိုင်ခွင့် လျော့နည်းသွားခြင်း၊ ဈေးနှုန်းများ မြင့်တက်မှု သို့မဟုတ် ဈေးများသို့ အကန့်အသတ်ဖြင့် ဝင်ရောက်နိုင်မှုတို့ကြောင့် တိရစ္ဆာန်အစာ ဝယ်ယူမှုအပိုင်းတွင် အခက်အခဲများနှင့် ကြုံတွေ့ခြင်း၊ ခြံမွေးတိရိစ္ဆာန်များ ရောဂါများအပြင် တိရိစ္ဆာန်ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှု များနှင့် လမ်းညွှန်ချက်များ ရယူရန် ခက်ခဲခြင်း တို့ကြောင့် ဖြစ်သည်ဟု ခြံမွေးတိရစ္ဆာန် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများက ပြောကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required