CNDFက ကျဆုံးရဲဘော် ၅ ဦးအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်

CNDFက ကျဆုံးရဲဘော် ၅ ဦးအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်

မေ ၁၅

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း မတ်လမှ မေလ အတွင်း ရဲဘော် ငါးဦးကျဆုံးခဲ့ကြောင်း မေလ ၁၂ရက်နေ့တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF )က ထုတ်ပြန်သည်။

မတ်လ ၂၆ ရက်တွင် ဆလိုင်းရိုထန်းဇမ်း (၄၄ နှစ်) နှင့် ဆလိုင်းလားပက်ထား (၂၂ နှစ်)တို့သည် ဖလမ်းမြို့နယ် ရှေ့တန်းတစ်နေရာတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး ဧပြီလ ၁၈ ရက်တွင် ၎င်းတို့၏ ရုပ်အလောင်းအား လမ်းဘေးတစ်နေရာတွင် ပြန်လည်တွေ့ရှိရခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ဧပြီလ ၁၁ ရက်တွင် ဆလိုင်းအဘင်းနဂိုး (၁၉ နှစ်) နှင့် ဧပြီလ ၁၃ ရက်နေ့တွင် ဆလိုင်း ကပ်ဇထွာန် (၂၉ နှစ် ) တို့သည် ကလေးမြို့နယ် ရှေ့တန်း တစ်နေရာတွင် ပြည်သူလူထုအား ကာကွယ်ရန် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြရကြောင်း သိရသည်။

မေလ ၇ ရက်နေ့က ဖလမ်းမြို့နယ် ရှေ့တန်းတစ်နေရာတွင်လည်း မိုင်းမတော်တဆ ပေါက်ကွဲမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တစ်ဦး ကျဆုံးသွားခဲ့ရကြောင်း ဖော်ပြသည်။

၎င်းတို့ ၏ အမျိုးသားတော်လှန်ရေးအတွက် ပေးဆပ်မှုအပေါ် CNO/CNDF မှ လေးစား ဂါရဝပြုကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှဝမ်းနည်းကြေကွဲပြီး မှတ်တမ်းတင်ဂုဏ်ပြုကြောင်းဆိုသည်။

အာဇာနည်သူရဲကောင်းများ၏ ပေးဆပ်မှုအတွက် ၎င်းတို့အနေဖြင့် ဘယ်သောအခါမှ မမေ့မလျော့ဘဲ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဆန့်ကျင်တော်လှန်ပြီး အဆုံးထိ တိုက်ပွဲဝင်သွားမည်ဟု ကျဆုံးအာဇာနည်များ၏ အမည်ကိုတိုင်တည်၍ သစ္စာပြု ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တိုက်ပွဲမှာ ရင်ဆိုင်တိုက်တာလို ကျဆုံးသွားခဲ့တဲ့ရဲဘော်တွေရှိသလို အဖမ်းဆီးခံပြီးမှ အသတ်ခံရတာမျိုးကြတော့ စစ်ကောင်စီဘက်က သုံးပန်းပေါ်လစီကို မကျင့်သုံးတာ ဂျနီဗာ ကွန်ဗင်းရှင်းကို အတိအကျမလိုက်နာတာပါ” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ Salia Cung Ngai က ပြောသည်။

တိုင်းပြည်နှင့် လူမျိုးအတွက် ကျဆုံးသွားသူများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် တပ်ဖွဲ့အနေနှင့် ထောက်ပံ့ရေး နှင့် ကုစားရေးအစီအစဉ်များရှိကြောင်း အသေးစိတ် ထုတ်ဖော်ပြောရန် အဆင်မပြေ ကြောင်းဆိုသည်။

ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် တစ်နှစ်ကျော် ကြာကာလ အတွင်း တိုက်ပွဲ ၆၁ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ဦးရေ၄၀၀ကျော် ကို သုတ်သင်နိုင်ခဲ့ကာ CNDF တပ်ဖွဲ့ဝင် ၁၉ ဦးတိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်လွှတ်ခဲ့ရကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

#Mizzima

#ချင်းပြည်နယ်

#ဖလမ်းမြို့နယ်

#စစ်ကိုင်းတိုင်း

#ကလေးမြို့နယ်

#ကျဆုံးရဲဘော်

#ဝမ်းနည်းကြောင်းထုတ်ပြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly