မုံရွာ-မန္တလေးလမ်းတွင် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ ၂ ဦးသေဆုံး

မုံရွာ-မန္တလေးလမ်းတွင် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ ၂ ဦးသေဆုံး

မေ ၁၅

စစ်ကိုင်းတိုင်း ၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် Faw ကားကို မိုင်းသုံးလုံးဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း PDF South Monywa ထံက သိရသည်။

စစ်ကောင်စီတပ်သားအင်အား အယောက် ၄၀ ကျော် လိုက်ပါလာသည့် Faw ကား ကို မေလ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက မုံရွာ-ချောင်းဦး လမ်းမဘေး မြေနဲကျေးရွာအနီးတွင် ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နှစ်ဦး သေဆုံးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

" ဒီကောင်တွေက Faw ကားနဲ့ လာတာ။ အင်အား အယောက် ၄၀ ကျော် လောက်ပါ တယ်။ သတင်းကြိုရတာကြောင့် မြေနဲကျေးရွာနားမှာ မိုင်းဆွဲ တိုက်ခိုက်လိုက်တာပါ။ မိုင်းသုံးလုံးဆွဲပြီး တိုက်ခိုက်ခဲ့တယ်။ ၁၅ ယောက်လောက် ထိခိုက်ဒဏ်ရာရတယ်။ နှစ်ယောက်ကတော့ လည်ပင်းကို ထိပြီး သေတယ် လို့ပြန်ကြားရတယ်" ဟု South Monywa PDF တာဝန်ရှိသူက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များသည် အနီးရှိ နေရာတစ်ဝိုက်ကို ရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ ပြည်သူတွေရှေ့ကနေ ရပ်တည်ပြီး တော်လှန်ရေးကြီး အောင်မြင်ဖို့ တိုက်ပွဲဝင်နေတာပါ။ မိဘပြည်သူတွေကလည်း ကျွန်တော်တို့နဲ့အတူ အောင်ပွဲဆီကို တတ်လှမ်းနိုင်ဖို့အတွက် တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါဝင်ပေးစေလိုပါတယ်" ဟု South Monywa PDF တာဝန်ရှိသူက ဆိုသည်။

မုံရွာမြို့တွင် စစ်ကောင်စီက အင်အားတင်းကျပ်စွာချထားခြင်းကြောင့် ပြည်သူများ အနေဖြင့် သွားလာရာတွင် အကြပ်အတည်းများ ရင်ဆိုင်နေရကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်သည် ယခင်ကဲ့သို့ မြို့တွင်း အထိုင်ချ စစ်ဆေးခြင်းများ ကို လုပ်ဆောင်ခြင်းမရှိဘဲ ကြုံသလို ကင်းလှည့်၍ စစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့် မုံရွာမြို့ထဲတွင် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ခက်ခဲလာနေကြောင်း ကာကွယ်ရေး တပ်ဖွဲ့ထံက သိရသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#မုံရွာ_မန္တလေး

#မိုင်းဆွဲခံရ

#စစ်ကောင်စီတပ်သား

#နှစ်ဦးသေဆုံး

#PDFSouthMonywa

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly