တရုတ်က ကျူးကျော်လျှင် ရုရှားကဲ့သို့ပင် ကမ္ဘာ့အသိုက်အဝန်း၏ ပိတ်ဆို့အရေးယူခံရမည်ဟု ထိုင်ဝမ် မျှော်လင့်

တရုတ်က ကျူးကျော်လျှင် ရုရှားကဲ့သို့ပင် ကမ္ဘာ့အသိုက်အဝန်း၏ ပိတ်ဆို့အရေးယူခံရမည်ဟု ထိုင်ဝမ် မျှော်လင့်
(File photo) ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူ

ယူကရိန်းစစ်ပွဲကြောင့် ရုရှားကို ကမ္ဘာ့အသိုက်အဝန်းက ပိတ်ဆို့အရေးယူထားသလိုပင် ထိုင်ဝမ်ကို ကျူးကျော် လာပါက တရုတ်ကို တစ်ကမ္ဘာလုံးက ပိတ်ဆို့အရေးယူမည်ဟု ထိုင်ဝမ်က မျှော်လင့်နေသည်။

တိုင်ပေမြို့တွင် ကျင်းပသည့် အခမ်းအနားတစ်ခု၌ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက ရုရှားနှင့် ဘီလာရုစ်တို့၏ ကျူးကျော်မှုကို ရှုတ်ချရန်နှင့် ဒဏ်ခတ်အရေးယူမှုတွင် အခြားသူများနှင့်အတူ ရပ်တည်ရန် အရေးကြီးကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

“အနာဂတ်မှာ၊ တရုတ်က အင်အားသုံးခြိမ်းခြောက်တာ ဒါမှမဟုတ် ကျူးကျော်မယ်ဆိုရင် နိုင်ငံတကာ အသိုင်း အဝိုင်းက ထိုင်ဝမ်ကို နားလည်ပြီး ထောက်ခံမယ်ဆိုရင် ဒီလို ရန်လိုတဲ့ အပြုအမူမျိုးတွေကို ပိတ်ဆို့အရေးယူဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

"ဒါကြောင့် ထိုင်ဝမ်က နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ ရပ်တည်ပြီး ဒီလိုအရေးယူမှုတွေကို လုပ်ဆောင် နေပါတယ်" ဟု ဝူက ပိတ်ဆို့အရေးယူမှုများကို ရည်ညွှန်းပြီး ပြောကြားခဲ့သည်။

ဥရောပနိုင်ငံဖြစ်သော ယူကရိန်းတွင် ဖြစ်ပျက်နေသည်များနှင့် တရုတ်က ယင်းလက်အောက်သို့ ရောက်ရှိရန် အင်အားသုံးခဲ့ပါက ဖြစ်နိုင်ချေများကို နှိုင်းယှဉ်ကြည့်သောကြောင့် ယူကရိန်းအကျပ်အတည်းအပေါ် ထိုင်ဝမ်တွင် လေ့လာစောင့်ကြည့်မှုများရှိခဲ့ကြောင်း Taipei Times တွင် ဖော်ပြထားသည်။

ယူကရိန်းစစ်ပွဲစတင်ကတည်းက ထိုင်ဝမ်က သတိပေးချက်အဆင့် မြှင့်တင်ခဲ့ပြီး အစိုးရက မကြာမီ တရုတ်၏ တိုက်ခိုက်ခံရမည့်အရိပ်အယောင်ကို ထုတ်ပြန်ခြင်းမရှိသော်လည်း တရုတ်က အလားတူ လုပ်ရပ်များ ပြုလုပ်လာမည်ကို သတိအနေထားအသင့်ပြင်ခဲ့သည်။

သို့သော် ထိုင်ဝမ်ကို တရုတ်က ကျူးကျော်လာပါက ကမ္ဘာက မည်သို့တုံ့ပြန်မည်ကို ရှင်းရှင်းလင်းလင်း မသိရ သေးဘဲ အမေရိကန်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံအများစုသည် ထိုင်ဝမ်နှင့် မဟုတ်ဘဲ တရုတ်နှင့်သာ တရားဝင် သံတမန်ဆက်ဆံရေးရှိထားရုံသာမက ထိုင်ဝမ်သည် ယူကရိန်းနှင့်မတူဘဲ ထိုင်ဝမ်ကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်မပြုထားပေ။

ရုရှာကျူးကျော်မှုကို ရှုတ်ချခြင်းမရှိသည့် တရုတ်က ထိုင်ဝမ်နှင့် နှိုင်းယှဉ်ခြင်းကို ရှုတ်ချထားပြီး ထိုင်ဝမ်သည် နိုင်ငံတစ်နိုင်မဟုတ်ဘဲ တရုတ်၏ ပြည်နယ်တစ်ခုဖြစ်ကြောင်း ပြောကြားသော်လည်း ယင်းကို ထိုင်ဝမ်ရှိ ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံအစိုးရခံထားသော အစိုးရက ငြင်းဆိုထားကြောင်း Taipei Times က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly