ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ်၌ လူများ အဓမ္မဖမ်းဆီးခံရပြီး ပျောက်ဆုံးသွားသည့် ဖြစ်စဉ်များအပေါ် ဆန္ဒပြပွဲ ပြုလုပ်

By Zee5
12 May 2022
ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ်၌ လူများ အဓမ္မဖမ်းဆီးခံရပြီး ပျောက်ဆုံးသွားသည့် ဖြစ်စဉ်များအပေါ် ဆန္ဒပြပွဲ ပြုလုပ်

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်မှ ပျောက်ဆုံးနေသော ဘာလို့ချ် မျိုးနွယ်စုဝင်များ၏ မိသားစုများသည် မေလ ၃ ရက် အိဒ်ပွဲတော်ကာလ၌ ကရာချိမြို့ သတင်းမီဒီယာကလပ်အရှေ့တွင် စုဝေးပြီး အစိုးရနှင့် လုံခြုံရေးအေဂျင်စီများအပေါ် ဆန္ဒထုတ်ဖော်မှုတစ်ခု ပြုလုပ်ခဲ့ကြသည်။ တစ်ဆက်တည်းမှာပင် ၎င်းတို့၏ ချစ်ခင်ရသူများ ဘေးကင်းစွာ ပြန်လည် လွတ်မြောက်နိုင်ရေး ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

ပျောက်ဆုံးနေသူတို့၏ ဆွေမျိုးသားချင်း၊ မိတ်ဆွေများသည် ပါကစ္စတန်လုံခြုံရေး အေဂျင်စီများ၏ ခေါ်ဆောင်ခြင်းကို ခံရပြီး ယင်းနောက် အဆိုပါ ခေါ်ဆောင်ခံရသူများ မည်သည့်နေရာသို့ ရောက်သွားသည့် ဆိုခြင်းကို လုံခြုံရေးအေဂျင်စီများက ထုတ်ဖော်ခြင်း မရှိကြောင်း ဆန္ဒပြသူများက ပြောသည်။ အဆိုပါ ဆန္ဒပြသူများကို တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဆမ်မီး ဘာလို့ချ်က ဦးဆောင်ခဲ့သည်။

လက်ရှိ အခြေအနေတွင် လူ့အခွင့်အရေးအဖွဲ့၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ဆမ်မီး ဘာလို့ချ်က ဝေဖန်ခဲ့သည်။ ထို့ပြင် ဆန္ဒပြပွဲတွင် ပါဝင်ခြင်းမရှိသလို သတင်းရယူဖော်ပြပေးခြင်းလည်း မရှိသည့် မီဒီယာအပေါ်တွင်လည်း ၎င်းက ဝေဖန်ခဲ့သည်။

“လူတွေ အိဒ် ပွဲတော်ကို ဘယ်လို ကျင်းပနေတယ် ဆိုတာကိုပဲ မီဒီယာက ရှင်တို့ကို ဖော်ပြနေပါတယ်။ ဒါပေမယ့် အဲဒီတူညီတဲ့ မီဒီယာက ကျွန်မတို့ရဲ့ ဘာလို့ချ် ဆန္ဒပြပွဲကိုကျတော့ သတင်းရယူပေးနိုင်တာမျိုး မရှိပါဘူး” ဟု သူမက ပြောသည်။

ထို့ပြင် တစ်ချိန်က ဖခင်ဖြစ်သူ နာဝက်ဇ် ရှာရစ်ဖ် အကျဉ်းချခံရသဖြင့် အိဒ်ပွဲတော် ဆင်နွှဲမည်မဟုတ်ဟု တွစ်တာတွင် ရေးခဲ့ဖူးသည့် မာယမ် နာဝက်ဇ် ရှာရစ်ဖ်ကိုလည်း သူမက ဝေဖန်သွားခဲ့သည်။ ပါကစ္စတန် လုံခြုံရေးအေဂျင်စီများ၏ ပြန်ပေးဆွဲခေါ်ဆောင်ခြင်းကို ခံရပြီး အဆိုပါ ဖမ်းဆီးခံရသူများ မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်ကို ဆွေမျိုးမိသားစုဝင်များ မသိရသည့် အခြေအနေနှင့် ကြုံတွေ့နေရသော ဘာလို့ချ် ပြည်သူများ၏ အရေးကိစ္စကို လက်ရှိအချိန်တွင် မာယမ်က မသိချင်ယောင် ဆောင်နေသည်ဟု ဆမ်မီးက ဝေဖန်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly