ယူကရိန်းကို အကူအညီ ဒေါ်လာ ၄၀ ဘီလီယံ ပေးအပ်ရေး ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော်က အတည်ပြု

ယူကရိန်းကို အကူအညီ ဒေါ်လာ ၄၀ ဘီလီယံ ပေးအပ်ရေး ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော်က အတည်ပြု

မေ ၁၁

ရီပတ်ဘလစ်ကန်အမတ်အချို့၏ ကန့်ကွက်မှုများ ရှိခဲ့သော်ငြား အမေရိကန်အောက်လွှတ်တော်က ယူကရိန်းအတွက် အကူအညီ ပေးအပ်ရန် ဒေါ်လာ ၄၀ ဘီလီယံ တန်ဖိုးရှိ ဥပဒေမူကြမ်းတစ်ရပ်ကို မေလ ၁၀ ရက် ညနေပိုင်းက အတည်ပြုခဲ့သည်။ အဆိုပါ ဥပဒေကို ယခုအပတ်ထဲ ဆိနိတ်အထက်လွှတ်တော်၌လည်း မဲခွဲဆုံးဖြတ်သွားရန် ရှိနေသည်။

အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီသည် ယခု ဥပဒေမူကြမ်း မဲခွဲအတည်ပြုမှု မတိုင်မီ သူမနှင့် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များ မကြာသေးခင်က ယူကရိန်းသို့ သွားရောက်ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနှင့် တွေ့ဆုံခဲ့မှုနှင့် စပ်လျဉ်း၍ သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံစကားပြောဆိုခဲ့သည်။

အောက်လွှတ်တော်၌ ယခု ယူကရိန်းကို ဒေါ်လာ ၄၀ ဘီလီယံ အကူအညီပေးရေး ဥပဒေကို မဲခွဲရာတွင် ဒီမိုကရက်တစ်အမတ် ၂၁၉ ဦး နှင့် ရီပတ်ဘလစ်ကန်အမတ် ၁၄၉ ဦးတို့က ထောက်ခံမဲပေးခဲ့ကြရင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။ ဒီမိုကရက်တစ်အမတ် နှစ်ဦးကသာလျင် ယင်းဥပဒေကို လုံးဝ မဲမပေးဘဲ နေခဲ့ပြီး ရီပတ်ဘလစ်ကန်အမတ် ၅၇ ဦးတို့က ယင်းဥပဒေမူကြမ်းကို ဆန့်ကျင်မဲပေးခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ယခု ဥပဒေ အတည်ပြုမှုက အမေရိကန်ပြည်တွင်း၌ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး ထပ်တိုးငွေကြေးများ မပါဘဲ အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ရီပတ်ဘလစ်ကန်တို့က သီးခြား အစီအစဉ်တစ်ခုကို အလိုရှိခဲ့၍ ဖြစ်သည်။

“ကျွန်မတို့ဟာ ဒီဥပဒေမူကြမ်းကို လျာထားချက်ထက် အချိန်စောပြီး ပြင်ဆင်လုပ်ဆောင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ယူကရိန်းနဲ့ပိုလန်မှာ ကျွန်မတို့ ရောက်ခဲ့စဉ်က ကျွန်မတို့ မြင်တွေ့ခဲ့ရတဲ့ အရေးတကြီး အခြေအနေကြောင့်ပါ” ဟု နန်စီ ပလိုစီက အိမ်ဖြူတော် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။ “COVID-19 ဟာ ကျွန်မတို့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ အဲဒီ စိန်ခေါ်မှုကို ကိုင်တွယ်နိုင်ဖို့ ရင်းမြစ်တွေ ကျွန်မတို့ လိုအပ်ပါတယ်”

မေလ ၉ ရက်ကလည်း သမ္မတ ဘိုင်ဒင်က ၎င်းအနေဖြင့် COVID-19 ဆိုင်ရာ အကူအညီ မပါဘဲ ယူကရိန်း အကူအညီပေးမှုဆိုင်ရာ အသုံးစရိတ် ဥပဒေတစ်ရပ်ကို လက်ခံသွားမည်ဟု ဝန်ခံခဲ့သည်။ ဆိနိတ်လွှတ်တော် လူနည်းစု ခေါင်းဆောင် မစ် မက်ကောနဲလ်ကလည်း ၎င်းသည် ပြီးခဲ့သည့်အပတ်က မစ္စတာ ဘိုင်ဒင်နှင့် တွေ့ဆုံစကားပြောခဲ့ပြီး ယူကရိန်းဆိုင်ရာ ဥပဒေကို ယင်းဘာသာ လုပ်ဆောင်ရန် ပန်ကြားခဲ့သည်ဟု မေလ ၁၀ ရက်တွင် ပြောသည်။

“သူက ‘ကျွန်တော် အချိန်ယူစဉ်းစားပါရစေ’ လို့ ပြောခဲ့တယ်။ အဲဒီနောက် ၁၅ မိနစ်လောက်မှာ သူက ပြန်ခေါ်ပြီး ‘ ကျွန်တော်တို့ ဒါကို လုပ်ဖို့ လိုတယ်၊ ယူကရိန်း အကူအညီသက်သက်ကို မြန်မြန် လုပ်ဖို့ လိုတယ်’ ဆိုပြီး သဘောတူခဲ့ပါတယ်” ဟု မက်ကောနဲလ်က ပြောသည်။ “ကျွန်တော်တို့ဟာ ဒါကို ပြီးမြောက်စေမယ့် လမ်းကြောင်းမှာ ရှိနေတယ်လို့ ထင်ပါတယ်”

တစ်ချိန်တည်းမှာပင် ယခု ဥပဒေတွင် COVID-19 ဆိုင်ရာ ကူညီကယ်ဆယ်ရေးအတွက် အကူအညီကို ထည့်သွင်းထားခြင်း မရှိသည့်အတွက် ဒီမိုကရက်တစ်အမတ်အများအပြားက ဝမ်းနည်းနေကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly