ဖလမ်းမြို့နယ် ပါးရ်သဲကျေးရွာကို စစ်ကောင်စီတပ် အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

ဖလမ်းမြို့နယ် ပါးရ်သဲကျေးရွာကို စစ်ကောင်စီတပ် အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

မေ ၁၁

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ပါးရ်သဲကျေးရွာရှိ လူနေအိမ် ခုနစ်လုံးအား စစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

သံချပ်ကာ ကားနှစ်စီး အပါအဝင် စစ်ယာဉ် ၂၀ ကျော်ပါသော စစ်ကောင်စီတပ် ယာဉ်တန်းသည် မေလ ၉ ရက်က ဖလမ်းမြို့မှ ကလေးမြို့သို့ စတင်ထွက်ခွာခဲ့ရာ မေလ ၁၀ ရက်နေ့ ပါးရ်သဲကျေးရွာသို့ ရောက်ရှိစဉ် လူနေအိမ်များ မီးရှို့ခဲ့ခြင်း ဖြစ်သည်။

“ကျနော် ထင်တာကတော့ အရင်က ကျနော်တို့ စောင့်ပစ်တဲ့ နေရာတွေကို တောလမ်းက ဝင်ရှင်းရင်း ကျနော်တို့ ထောင်ထားတဲ့ တိုက်မိုင်းမိပြီး အထိနာပုံပဲ။ ရွာအနီးအနား တစ်ဝိုက်လည်း မိုင်းသံ ဆက်တိုက် ကြားတယ်။ အဲဒါတွေကြောင့် ရမ်းပုံရတယ်” ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CNDF ပြောရေးဆိုခွင့် ရှိသူက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲများတွင် စစ်ကောင်စီတပ် အသေအပျောက် များပါက အလောင်းများ ဖျောက်ဖျက်ရန် နီးစပ်ရာ ရွာရှိ အိမ်များ အတွင်းသို့ ထည့်သွင်း၍ မီးရှို့လေ့ရှိကြောင်း ၎င်းကဆိုသည်။

မေလ ၁၀ ရက် နေ့တွင် အဆိုပါ စစ်ယာဉ်တန်း သွားလာရာ လမ်းဘေးဝဲယာနှင့် လုံဘမ်းကျေးရွာ ဘက်သို့ ဖလမ်းမြို့ အခြေစိုက် ခလရ (၂၆၈) တပ်ရင်းမှ လက်နက်ကြီး ၁၂၂ မမ များဖြင့် ပစ်ခတ်၍ လမ်းကြောင်း ရှင်းပေးခဲ့ကြောင်း သိရသည်။

ယနေ့ မေလ ၁၁ ရက်တွင် စစ်ကောင်စီတပ်သည် ခြေလျင်ဖြင့် တောလမ်း အတိုင်း တက်လာရာ ဖလမ်းမြို့နယ် လှာန်ဇောလ်ကျေးရွာသို့ ရောက်ရှိပြီး ယာဉ်တန်းမှာမှု လုံဘမ်းကျေးရွာတွင် ရှိနေသေးကြောင်း သိရသည်။

မေလ ၂ ရက်တွင် ဟားခါးမှ ထွက်လာသော အဆိုပါ ယာဉ်တန်းသည် ဟားခါးနှင့် ဖလမ်းမြို့ ကြားတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ အကြိမ်ကြိမ် တိုက်ခိုက်မှုကို ခံခဲ့ရပြီး သေဆုံးမှုများခဲ့ကာ ကာကွယ်ရေးတပ်ဘက်မှလည်း အကျအဆုံး ရှိခဲ့သည်။

ယင်း ယာဉ်တန်း ဆက်လက် ထွက်ခွာနေပြီး ကလေးမြို့သို့ ရောက်ရန် မိုင် ၆၀ ခန့် အကွာအဝေးတွင် ရောက်ရှိနေကြောင်း ၊ လက်ရှိ ပါးရ်သဲကျေးရွာမှ ပြည်သူများ ထွက်ပြေးနေရကြောင်း၊ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး ခြေဖနောင့်တွင် ကျည်ဆန် ထိမှန် ဒဏ်ရာရရှိထားကြောင်း သိရသည်။

#Mizzima

#ချင်းပြည်နယ်

#ဖလမ်းမြို့

#ပါးရ်သဲကျေးရွာ

#CNDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required