ထားဝယ်ခရိုင် မေတ္တာမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံး၊ သံဃာတော် ထိခိုက်ဒဏ်ရာရ

By ကိုရွှေမြိတ်
11 May 2022
ထားဝယ်ခရိုင် မေတ္တာမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံး၊ သံဃာတော် ထိခိုက်ဒဏ်ရာရ

မေ ၁၁

ထားဝယ်ခရိုင် ၊ မေတ္တာမြို့နယ် ကျောက်မဲတောင်ကျေးရွာတွင် မေလ ၁၀ ရက် ညနေပိုင်းက စစ်ကောင်စီနှင့်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တို့ အကြား ထိပ်တိုက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး သံဃာတော်တစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Eastern Defense Force ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

မေလ ၁၀ ရက်နေ့ ညနေ ၃ နာရီ အချိန် ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ် ကျောက်မဲ တောင်ရွာ အနီးတွင် စစ်ကောင်စီတပ် နှင့် KNDO  ပြည်သူ့ ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ ကာကွယ်ရေး အဖွဲ့ထံက သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ  စစ်ကောင်စီ တပ်သား တစ်ဦး သေဆုံး၍ နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်း တချို့ကိုပါသိမ်းဆည်းရမိကြောင်း Eastern Defense Force EDF အဖွဲ့က  ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲတွင် အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့ပြီး  စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၂၀ နီးပါး ရမ်းသန်း ပစ်ခတ်ခဲ့သည် ဟုဆိုထားသည်။ 

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကျောက်မဲတောင်ရွာ တောင်သုံးလုံး ဘုန်ကြီးကျောင်း အတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး သံဃာတော် တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အရပ်သားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးပရဟိတ အဖွဲ့များထံမှ သိရ သည်။

စစ်ကောင်စီတပ် ကင်းပုန်း ဝပ်နေသည့် နေရာသို့ KNDO Special တပ်ရင်း နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တို့ သွားရောက် တိုက်ခိုက်ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်တစ်လက်၊ ကျည်ဘောက် လေးခု နှင့် ကျည်ဆန် ၂၁၉ တောင့်တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း Eastern Defense Force EDF ထံကသိရသည်။ 

Eastern Defense Force EDF အဖွဲ့သည် တိုက်ပွဲကြောင့် သေဆုံးခဲ့ရသည့် ပြည်သူတစ်ဦးအတွက် စိတ်မကောင်းဖြစ်ရကြောင်းကိုလည်း ထုတ်ပြန်ထားသည်။ 

#Mizzima
#ထားဝယ်ခရိုင်
#မေတ္တာမြို့နယ်
#ကျောက်မဲတောင်ကျေးရွာ
#တိုက်ပွဲ
#စစ်ကောင်စီတပ်
#ရမ်းသန်းပစ်ခတ်
#ပြည်သူတစ်ဦးသေဆုံး
#သံဃာတော်ထိခိုက်ဒဏ်ရာရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required