ယူကရိန်းတွင် ရေရှည်စစ်ပွဲအတွက် ရုရှ အသင့်ပြင်ဟု အမေရိကန် သတိပေး 

ယူကရိန်းတွင် ရေရှည်စစ်ပွဲအတွက် ရုရှ အသင့်ပြင်ဟု အမေရိကန် သတိပေး 
Photo - AFP

‌မေ ၁၁

ယူကရိန်းတွင် ရေရှည်စစ်ပွဲအတွက် ရုရှသမ္မတ ဗလာဒီမာ ပူတင်က အသင့်ပြင်ထားပြီး လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေရာ အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသမှာတင် စစ်ပွဲက ရပ်သွားလိမ့်မည်မဟုတ်ဟု အမေရိကန်က အင်္ဂါနေ့တွင် သတိပေးသည်။ 

ရုရှနှင့် ရင်ဆိုင်နေရချိန်တွင် ယူကရိန်းနိုင်ငံ၏ ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်မှုက တိုက်တစ်ခုလုံးအတွက် “စစ်နှင့် ငြိမ်းချမ်းရေး” မေးခွန်းပဲဖြစ်သည်ဟု ယူကရိန်းနိုင်ငံက ပြောထားချိန်၌ အမေရိကန်၏ ဆိုးဝါးသော ယခု ခန့်မှန်းချက် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။ 

အရှေ့ပိုင်းတွင် နယ်မြေသိမ်းပိုက်နိုင်ရေး ရုရှက ထိုးစစ်ဆင်နေစဉ် ရုရှ၏ ရေနံကို ကုန်သွယ်မှု ပိတ်ပင်မည့် ဂျာမနီနိုင်ငံ၏ ပြောင်းလဲရပ်တည်လာခြင်းနှင့် ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ခြင်းတို့အတွက် ယူကရိန်းက ကြိုဆိုဂုဏ်ပြုသည်။ 

ပျက်စီးဆုံးရှုံးမှု ကြီးမားနေပြီဖြစ်သော မာရီယူပိုမြို့တွင် Azovstal သံမဏိစက်ရုံ၌ တပ်ဖွဲ့ဝင် ၁,၀၀၀ ခန့် ပိတ်မိနေသည်ဟု ယူကရိန်းတာဝန်ရှိသူများက ပြောထားပြီး အိုဒက်ဆာ ဆိပ်ကမ်းတွင်လည်း ညပိုင်း ဒုံးကျည်ပစ်ခတ်တိုက်ခိုက်မှုများနှင့်အတူ ယူကရိန်း တောင်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်။ 

ရုရှသည် ယူကရိန်းအား ဖေဖော်ဝါရီ ၂၄ ရက်က စတင်ကျူးကျော်ခဲ့ခြင်းဖြစ်သော်လည်း ယူကရိန်းတပ်များသည် ကိယက်ဗ်မြို့တော်မှ ရုရှတပ်များကို တွန်းလှန်နိုင်ခဲ့ပြီး စစ်ပွဲသည် လက်ရှိအထိ သုံးလအတွင်းသို့ ဝင်ရောက်နေပြီဖြစ်သည်။ 

တနင်္လာနေ့က မော်စကိုတွင် ပြုလုပ်သော အကြီးစား စစ်ရေးပြချီတက်မှု၌ မိန့်ခွန်းပြောရာတွင် ပူတင်က ၎င်း၏ အစီအစဉ်များနှင့် ပတ်သက်ပြီး အနည်းငယ်သာ အရိပ်အမြွက်ဆိုကာ ရုရှတပ်များသည် ‘အမိမြေ’အတွက် ခုခံတွန်းလှန်နေခြင်းဖြစ်ပြီး စစ်ပွဲအတွက် အနောက်အုပ်စုကို အပြစ်ဆိုသွားခဲ့သည်. 

သို့ရာတွင် ပူတင်သည် ဒွန်ဘတ်စ်ဒေသ သိမ်းယူရေးနှင့်တင် ရပ်တန့်လိမ့်မည်မဟုတ်ဘဲ မော်လ်ဒိုဗာရှိ ရုရှထိန်းချုပ်သော နယ်မြေများအထိ ဆက်စပ်နယ်မြေ တည်ဆောက်နိုင်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း အမေရိကန် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး Avril Haines က အင်္ဂါနေ့တွင် ပြောသည်။ 

ပူတင်သည် မာရှယ်လော အမိန့် ထုတ်ခြင်းအပါအဝင် ရုရှတစ်နိုင်ငံလုံးကို စစ်ပုံစံသွင်းလိမ့်မည်ဖြစ်ပြီး ယူကရိန်းအား အနောက်အုပ်စု၏ ထောက်ပံ့မှုများ အားနည်းသွားချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်ဆိုသော အမြင်ကိုလည်း အမေရိကန်ထောက်လှမ်းရေးက ရပ်တည်ပြောဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly