ဖရူဆို- ဘောလခဲလမ်းပိုင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံး

ဖရူဆို- ဘောလခဲလမ်းပိုင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံး

မေ ၁၀

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်များကို ချိတ်ဆက်ထားသော ဖရူဆို- ဘောလခဲလမ်းပိုင်း၌ မေလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၄ ဦး သေဆုံးကြောင်း ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) ဗဟိုက သတင်းထုတ်ပြန်သည်။

ဖရူဆိုမြို့နယ်မှ ဘောလခဲမြို့နယ်ဘက်သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်နေသော စစ်ကားအစီးရေ ၃၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် KNDF ပူးပေါင်းတပ်များအကြား ဖရူဆို-ဘောလခဲလမ်းမ တစ်လျှောက်တွင် မေလ ပထမပတ်အတွင်း တိုက်ပွဲ ပြင်းထန်ခဲ့သည်။

အဆိုပါ လမ်းပိုင်းတွင် တစ်ပတ်အတွင်း တိုက်ပွဲပေါင်း ၁၃ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ ထောက်ပို့စစ်ကား ရှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို အရှင် ဖမ်းမိသကဲ့သို့ လက်နက် ၁၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း KNDF က ဆိုသည်။

ဖရူဆိုမြို့နယ် မာခရော်ရှေ့ ရွာနှင့် လောကျေခူရွာသစ် ကျေးရွာ ကြား၌ စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းကို KNDF ပူးပေါင်းတပ်က မေလ ၆ ရက်နေ့နှင့် ၇ ရက်နေ့ နှစ်ရက်ဆက်တိုက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တွင် စစ်ကောင်စီတပ်သား ၂၀ ထက်မနည်း သေဆုံးပြီး စစ်ကားလေးစီး မီးလောင်ပျက်စီးခဲ့သည်။

ယင်းမေလ ၆ ရက်နေ့ လောကျေခူ ကျေးရွာတိုက်ပွဲတွင် KNDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြုသည်။

စစ်ကောင်စီ ထောက်ပို့ကားများကို ကြားဖြတ်တိုက်ခိုက်ခဲ့သော တိုက်ပွဲရုပ်သံဖိုင်ကို KNDF ဘက်က မေလ ၈ ရက်နေ့ ထုတ်ပြန်ခဲ့ရာ စစ်သားအများအပြား သေဆုံးနေပြီး လမ်းမပေါ်တွင် ထောက်ပို့စစ်ကားများ မီးလောင်ကျွမ်းနေသည်ကို တွေ့မြင်ရသည်။

စစ်ကောင်စီဘက်ကမူ အကျအဆုံး များခဲ့သော ယင်းတိုက်ပွဲများနှင့် ပတ်သက်၍ လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီ ပြည်နယ်တွင် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ အကြား နေ့စဉ် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီ ဘက်ကလည်း အပြင်းအထန် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

အလားတူ ဒီးမော့ဆိုမြို့နှင့် အနီးတစ်ဝိုက်ရှိ ရပ်ကွက်များအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး ကုန်းသာ၊ ဒေါငံခါး၊ ခေါက်ပလော့ရပ်ကွက်၊ ထူလွှီးဘီလာနှင့် အနီးတဝိုက်ရှိ စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်များ၊ PDF မဟာမိတ်အဖွဲ့များအကြား နေ့စဉ်ထိတွေ့ တိုက်ပွဲပြင်းထန်နေကြောင်းလည်း KNDF ဘက်က ပြောဆိုထားသည်။

#Mizzima

#ကရင်နီပြည်နယ်

#ဒီးမော့ဆိုမြို့

#PDF

#KNDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required