BRICS ၅ နိုင်ငံ ဆွေးနွေးပွဲတွင် ရုရှားကို ပြစ်တင်ရှုတ်ချရန် ဖိအားများနှင့် တရုတ် ရင်ဆိုင်နေရ

BRICS ၅ နိုင်ငံ ဆွေးနွေးပွဲတွင် ရုရှားကို ပြစ်တင်ရှုတ်ချရန် ဖိအားများနှင့် တရုတ် ရင်ဆိုင်နေရ

တရုတ်သမ္မတရှီကျင့်ဖျင်အနေဖြင့် တတိယမြောက် သမ္မတ သက်တမ်းအဖြစ် ရွေးချယ်ခံရရေးအတွက် ပုံရိပ်ကောင်းလိုအပ်နေသော်လည်း လွန်ခဲ့သည့် လများအတွင်း ဖြစ်ပေါ်ခဲ့သည့် အခြေအနေများက တရုတ်နိုင်ငံ၏ ရုရှားနှင့် မိတ်ဆွေဆက်ဆံရေးသည် ဆိုးရွားလာမည့် အခြေအနေတွင် ရှိနေကြောင်း Tibet Press သတင်းဌာနက ဖော်ပြသည်။

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက နိုင်ငံတို့ ပါဝင်မည့် BRICS ထိပ်သိမ်းဆွေးနွေးပွဲကို ဇွန်လတွင် ကျင်းပမည်ဖြစ်သည်။

ယင်းအစည်းအဝေးသို့ အိန္ဒိယဝန်ကြီးချုပ်က အွန်လိုင်းမှ တက်ရောက်မည်ဖြစ်သောကြောင့် ၎င်းအား လူကိုယ်တိုင် လက်ခံတွေ့ဆုံရန် မလိုအပ်သဖြင့် တရုတ်တို့က အိန္ဒိယနယ်မြေပိုင်နက်ကို တရားမဝင် ကျူးကျော်ထားသည်ဆိုသော စွပ်စွဲထားခြင်းအပေါ် မျက်နှာပူရသည့်အဖြစ်မှ ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း Tibet Press က ဖော်ပြသည်။

ရုရှား-ယူကရိန်းပြဿနာအား BRICS အစည်းအဝေးတွင် ဆွေးနွေးသည့်အခါ ယင်းဖြစ်စဉ်သည် တရုတ်က အိန္ဒိယ၏ လာဒက်ခ်ဒေသသို့ ကျူးကျော်သည့် ဖြစ်ရပ်နှင့် တူညီနေသောကြောင့် အဖွဲ့ဝင် နိုင်ငံများက တရုတ်နိုင်ငံကို ဝိုင်းကြည့်ကြလိမ့်မည်။ အဆိုပါလုပ်ရပ်များသည် အခြားနိုင်ငံများ၏
အချုပ်အခြာအာဏာကို ဗြောင်ကျကျ မလေးစားဘဲ ကျူးကျော်သည့် လုပ်ရပ်အဖြစ် သတ်မှတ်ထားကြကြောင်း သတင်းတွင် ဖော်ပြထားသည်။

အဖွဲ့ဝင်ဖြစ်သည့် ရုရှားနိုင်ငံအနေဖြင့် စစ်ပွဲကို မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို BRICS ကလည်း ကြားသိချင်နေလိမ့်မည်။ အိန္ဒိယအစိုးရက BRICS နှင့် သက်ဆိုင်သည့် ‘နယူးဒေလီ ကြေညာချက်’ ဖြင့် ရုရှားကိုအသိပေးထားပြီး ဖြစ်သည်။

ယမန်နှစ် စက်တင်ဘာ ၉ ရက်က ထုတ်ပြန်ခဲ့သည့် ‘နယူးဒေလီ ကြေညာချက်’ ၏ အပိုဒ် ၂၂ တွင် BRICS နိုင်ငံများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက် မစွက်ဖက်ရေး မူဝါဒကို လက်ခံကျင့်သုံးထားပြီး ပြဿနာများအားလုံးကို ငြိမ်းချမ်းသော နည်းလမ်း၊ နိုင်ငံတကာဥပဒေ အထူးသဖြင့် ကုလသမဂ္ဂပဋိဉာဉ် စာချုပ်အရ နိုင်ငံရေး၊ သံတမန်ရေး နည်းလမ်းများဖြင့် ဖြေရှင်းရန် ထပ်မံ ဖော်ပြထားသည်။

‌တရုတ်အနေဖြင့် လက်ရှိတွင် BRICS အဖွဲ့ ဥက္ကဋ္ဌနေရာတွင် ရှိနေသည်။ ၎င်းအနေဖြင့် ရုရှားကို အကာအကွယ်ပေးမည်လား၊ ယူကရိန်း၏ ကျူးကျော်မှုကို မေးခွန်းထုတ်မည်လား။ တရုတ်က ရုရှားကို ထောက်ခံနေသောကြောင့် ‘နယူးဒေလီ ကြေညာချက်’ သည် တရုတ်နှင့် သက်ဆိုင်နေသည်။

အဖွဲ့ဝင်နိုင်ငံများမှ အကြီးအကဲအားလုံး ကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းမှ ဖြစ်စေပါဝင်မည်ဖြစ်သောကြောင့် တရုတ်အနေဖြင့် လှည့်ပတ် ရှောင်တိမ်းရန် များစွာ အခြေအနေမပေးကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။

တရုတ်သည် ဥရောပမှ ဖိအားကိုလည်း ရင်ဆိုင်နေရသည်။ နေတိုးတပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ယန်းစတော်လ်တန်ဘာ့ဂျ်ကလည်း ရုရှားက ယူကရိန်းအား တိုက်ခိုက်နေခြင်းကို တရုတ်အနေဖြင့်  ပြတ်ပြတ်သားသား ပြစ်တင်ရှုတ်ချရန် လွန်ခဲ့သောရက်အနည်းငယ်က တောင်းဆိုထားသည်။

“တရုတ်အနေနဲ့ ရုရှားက ယူကရိန်းကို ကြမ်းတမ်းစွာ ကျူးကျော်တိုက်ခိုက်တာကို အခြားနိုင်ငံများနည်းတူ ပြင်းပြင်းထန်ထန် ရှုတ်ချသင့်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအနေနဲ့ နိုင်ငံတကာဥပဒေကို ထောက်ခံထိန်းသိမ်းဖို့ တရုတ်မှာ တာဝန်ရှိပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်တာဟာ နိုင်ငံတကာ ဥပဒေကို ဗြောင်ကျကျချိုးဖောက်ခြင်း ဖြစ်ပါတယ်” ဟု စတော်လ်တန်ဘာ့ဂျ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly