ပါကစ္စတန်သည် ကမ္ဘာပေါ်တွင် ဂျာနယ်လစ်များအတွက် ပဉ္စမမြောက် အန္တရာယ်အရှိဆုံး နေရာဖြစ်နေ

By News 24 Online
10 May 2022
ပါကစ္စတန်သည် ကမ္ဘာပေါ်တွင် ဂျာနယ်လစ်များအတွက် ပဉ္စမမြောက် အန္တရာယ်အရှိဆုံး နေရာဖြစ်နေ

ပါကစ္စတန်နိုင်ငံတွင် မီဒီယာအပေါ် အခွင့်အရေး ချိုးဖောက်မှုများ မြင့်တက်နေစဉ် ဂျာနယ်လစ်များနှင့် မီဒီယာလုပ်သားများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန် ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့၌ ပါကစ္စတန် ဖက်ဒရယ် ဂျာနယ်လစ်များ သမဂ္ဂ (PFUJ) က ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် အစိုးရကို တောင်းဆိုခဲ့သည်။

သမဂ္ဂ၏ ဥက္ကဋ္ဌ ရှာဇာဒါ ဇူလ်ဖီခါနှင့် အထွေထွေအတွင်းရေးမှူး နက်ဆီရာ ဇိုင်ဒီ တို့သည် မေလ ၂ ရက်က ပူးတွဲ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာတွင် စာနယ်ဇင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်နှင့် ထုတ်ဖော်ခွင့်တို့၏ အရေးကြီးမှုကို အလေးပေး ဖော်ပြခဲ့သည်။

“စာနယ်ဇင်း လွတ်လပ်ခွင့် ဆိုတာ ဖွံ့ဖြိုးတိုးတက်ပြီး ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတိုင်းရဲ့ ဝိသေသ လက္ခဏာ ဖြစ်ပါတယ်” ဟု ထို ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်ဟု Dawn သတင်းစာက ဖော်ပြသည်။

ပါကစ္စတန်သည် သတင်းမီဒီယာအလုပ်လုပ်ကိုင်သည့် ဂျာနယ်လစ်များအတွက် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အန္တရာယ်အများဆုံး နေရာအဖြစ် ရပ်တည်နေသည်ဟု နိုင်ငံတကာ ဂျာနယ်လစ်များ ဖက်ဒရေးရှင်း (IFJ) က ထုတ်ဖော်ခဲ့ပြီးနောက် ယခု ထုတ်ပြန်ချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
အာဖဂန်နစ္စတန်တွင် ၁၉၉၀ နှင့် ၂၀၂၀ ပြည့်နှစ်အကြား မီဒီယာအမှုထမ်း ၁၃၈ ဦး တာဝန်ထမ်းဆောင်ရင်း အသက်ဆုံးရှုံးထားခဲ့ရသည်ဟု မီဒီယာသတင်းများအရ သိရသည်။

ပါကစ္စတန်ရှိ သတင်းမီဒီယာ ကဏ္ဍအခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်း PFUJ က ထုတ်ဖော် ပြောကြားရာတွင် “ဖြစ်စဉ် ၉ခုလောက်မှာ ဆိုရင် ဂျာနယ်လစ်တွေဟာ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရမှု၊ အတင်းအကျပ် ဖျောက်ဖျက်ခံရမှု၊ သတ်ဖြတ်ခံရမှု ဒါမှမဟုတ် ပေါ်ပေါ်ထင်ထင် ဆင်ဆာဖြတ်တောက်ခံရမှု ပုံစံတွေနဲ့ ခြိမ်းခြောက်ခံရတာ ဒါမှမဟုတ် နှုတ်ပိတ်ခံရတာတွေ ရှိခဲ့ပါတယ်” ဟု ပြောခဲ့သည်။

ယခင် အစိုးရလက်ထက်တွင် မီဒီယာအတွက် အလွန် ဆိုးဝါးခဲ့သည်ဟု ၎င်းတို့က ပြောခဲ့ကြကြောင်း Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly