ရုရှား-မြန်မာ ဆက်ဆံရေး၊ လုံခြံုရေးနှင့် “အာရှရာစု” အကြောင်း ရုရှား သံအမတ်ကြီး ဆွေးနွေး(အပိုင်း- ၁)

ရုရှား-မြန်မာ ဆက်ဆံရေး၊ လုံခြံုရေးနှင့် “အာရှရာစု” အကြောင်း ရုရှား သံအမတ်ကြီး ဆွေးနွေး(အပိုင်း- ၁)

မဇ္ဈိမ အယ်ဒီတာချုပ် ဦးစိုးမြင့်သည် ရုရှားသံအမတ်ကြီး မစ္စတာ Vasily Pospelov နှင့် အင်တာဗျူး တစ်ခု ပြုလုပ်ခဲ့ရာ၊ ကာလကြာရှည်စွာ ကတည်းက တည်ရှိခဲ့သော ရုရှား-မြန်မာ ဆက်ဆံရေးအကြောင်းနှင့် ကမ္ဘာ့ပါဝါဟန်ချက် အာရှသို့ ရွေ့လျားလာခြင်းနှင့် ပတ်သက်သော အမြင်များကို ရုရှား သံအမတ်ကြီးက ပြောပြခဲ့သည်။

မဇ္ဈိမ- ရုရှား-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်လာရင် ရုရှား အဓိက အာရုံစိုက်တာက ဘာပါလဲ။

ရုရှားသံအမတ်ကြီး-ကျွန်တော်တို့ရဲ့ ယေဘုယျ ရည်မှန်းချက်ကတော့ နှစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးတက်လာဖို့နဲ့ ကောင်းမွန်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ဖြစ်ထွန်းလာဖို့ပါ။ သမိုင်းကြောင်းအရ ဆိုရင်လည်း အဲဒီလို ဖြစ်လာရေးအတွက် အရမ်းကို ခိုင်မာတဲ့ အခြေခံတွေ ကျွန်တော်တို့ မှာရှိပါတယ်။ နှစ်နိုင်ငံ မိတ်ဆွေဖြစ်ခဲ့ကြတာ နှစ်ပေါင်း ခြောက်ဆယ် ရှိပါပြီ။ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု စတာတွေနဲ့ ပတ်သက်ပြီး ရန်ကုန် နည်းပညာ တက္ကသိုလ်၊ တောင်ကြီးမြို့က ဆေးရုံတို့လိုမျိုး ထင်ရှားတဲ့ သာဓကတွေလည်း ရှိပါတယ်။

ဒါကြောင့်မို့ သမိုင်းကြောင်း ကောင်းခဲ့တာမို့ အဲဒီအပေါ်မှာ ထပ်ပြီး တည်ဆောက်သွားရမှာပါ။ ကျွန်တော်တို့ နှစ်နိုင်ငံမှာ အရမ်းကောင်းမွန်တဲ့ နိုင်ငံရေးဆက်ဆံမှုတွေ ရှိနေပြီး၊ လက်နက်ဖျက်သိမ်းရေး၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး၊ သတင်းအချက်အလက် အားကောင်းရေး၊ ဆက်သွယ်ရေးနဲ့ လုံခြုံရေး ပိုပြီးကောင်းမွန်လာရေး စတာတွေနဲ့ ပတ်သက်တဲ့ ကြီးမားတဲ့ နိုင်ငံတကာ ပြဿနာတွေကို မြန်မာက လုပ်ဖော်ကိုင်ဘက်တွေနဲ့ ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံရပ်ခြား ပြဿနာ တွေနဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက် ချတဲ့နေရာမှာ၊ အဖြေရှာတဲ့ နေရာမှာ နိုင်ငံကြီးဖြစ်စေ၊ နိုင်ငံငယ်ဖြစ်စေ နိုင်ငံတိုင်း ပါဝင်နိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

လူသားတွေရဲ့ ဘဝတွေ တိုးတက်ရေးနဲ့ ပတ်သတ်တဲ့ ဆက်နွယ်မှုတွေလည်း ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ မြန်မာက ကျောင်းသား ထောင်ပေါင်းများစွာဟာ ရုရှားမှာ ပညာသင်နေကြတဲ့အပြင်၊ မြန်မာ နိုင်ငံက ဆရာဝန်တွေဟာ ကျန်းမာရေး စောင့်ရှောက်မှု၊ ကလေးငယ်တွေအတွက် ရောဂါကာကွယ်ရေး စတာတွေနဲ့ ပတ်သက်ပြီး ဗဟုသုတတွေ ရဖို့ ရုရှားကို လာရောက်လည်ပတ် ခဲ့ကြပါတယ်။ ကျွန်တော် တို့ဆီမှာ ယဉ်ကျေးမှု ဖလှယ်ရေးနဲ့ ပတ်သက်တဲ့ အစဉ်အလာလည်း ရှိပါတယ်။

အနာဂတ်အတွက် ဆိုရင်တော့ ကျွန်တော်တို့ဟာ စီးပွားရေး ဆက်ဆံမှုတွေ တိုးတက်ရေးကို အဓိက အာရုံစိုက်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နည်းနည်း နောက်ကျကျန် နေလို့ပါ။ ဒါပေမဲ့လည်း ကျွန်တော်တို့မှာ အလားအလာကောင်းတွေ ရှိနေပြီးတော့၊ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ဖို့စိတ်ဝင်စားကြတဲ့ ရုရှား ကုမ္ပဏီတွေလည်း အများကြီး ရှိပါတယ်။ ကုန်သွယ်ရေး တိုးတက်ဖို့နဲ့ ပူးပေါင်း ထုတ်လုပ်ရေးအတွက် ဆောင်ရွက်ကြဖို့ပါ။ ဒါကြောင့်မို့ စီးပွါးရေး ဆက်ဆံမှုတွေ ဖွံ့ဖြိုးလာဖို့ လုပ်ငန်းဆောင်ရွက်ရေး စီမံချက်နဲ့ ပတ်သက်တဲ့ ပူးတွဲကော်မရှင်ကနေ တစ်ဆင့် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံက လုပ်ဖော်ကိုင်ဘက်တွေနဲ့ အတူတကွ ဆောင်ရွက်နေကြ ပါတယ်။

မဇ္ဈိမ-- စီးပွားရေး ဆက်နွယ်မှုတွေအကြောင်း ပြောရမယ်ဆိုရင် နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်ရေး ဟာ၂၀၁၇ မှာ အမေရိကန် ဒေါ်လာသန်း ၅၀၀ ဝန်းကျင်ကို ရောက်ရှိလာရမယ်ဆိုတဲ့ ရည်မှန်းချက် တစ်ခုရှိတယ်လို့ ကျွန်တော် သိရပါတယ်။ အဲဒီရည်မှန်းချက် ပြည့်မီလိမ့်မယ်လို့ သံအမတ်ကြီး ထင်ပါသလား။

ရုရှားသံအမတ်ကြီး-ကျွန်တော်တို့ရဲ့ ပူးတွဲကော်မရှင် ပထမအကြိမ် အစည်းအဝေးက တင်ဆက် ပြသမှုတစ်ခုမှာ ဒီရည်မှန်းချက်ကို ဖော်ပြခဲ့တာပါ။ အဲဒါကို အခြေခံပြီး ကျွန်တော်တို့ ဆက်လုပ်နေကြ ပါတယ်။ ဥပမာအားဖြင့် မြန်မာဘက်က စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေ တင်ပို့ဖို့အတွက် စိတ်ဝင်စားကြတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ထောက်ခံချက်ကိစ္စနဲ့ လိုင်စင်ကိစ္စတွေလို တချို့အဆင့်တွေ လိုနေပါသေးတယ်။ ဒါကြောင့်မို့ အဲဒါနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ ဆက်ပြီး ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့မှာ အခု အခြေခံကောင်း ရှိနေပါပြီ။ ဒါပေမဲ့ နောက်ထပ် အဆင့်တွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

မဇ္ဈိမ--လွန်ခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံမှာ ဖြစ်ထွန်းခဲ့တဲ့ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး သံအမတ်ကြီး ဘယ်လိုမြင်လဲခင်ဗျ။

ရုရှားသံအမတ်ကြီး-အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် မြန်မာနိုင်ငံရဲ့ ရပ်တည်နေမှုကို အဆင့်မြှင့်တင်ပေးမယ့်၊ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို ဖြစ်ထွန်းစေမယ့် ပြုပြင် ပြောင်းလဲရေးတွေကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ကျွန်တော်တို့နဲ့ တချို့နိုင်ငံတွေ မတူတာကတော့ မြန်မာကလူတွေ ဘယ်လို နိုင်ငံရေးစနစ်၊ ဘယ်လို စီးပွားရေးစနစ်ကို ကျင့်သုံးရမယ်ဆိုတာမျိုး သင်ပေးဖို့ ကျွန်တော်တို့ မရည်ရွယ်တာပါ။

အဲဒါကို မြန်မာက လူတွေပဲ ဆုံးဖြတ်ရမှာပါ။ ပြီးတော့ နိုင်ငံတိုင်းဟာ အဲဒီနိုင်ငံရဲ့ သမိုင်း၊ အစဉ်အလာနဲ့ စိတ်နေ သဘောထားတွေ အပါအဝင် နိုင်ငံရဲ့ ပင်ကိုယ် လက္ခဏာတွေနဲ့ သင့်တော်မယ့် စနစ်တစ်ရပ်ကိုပဲ ကျင့်သုံးသင့်တယ်လို့ ကျွန်တော်တို့ လေးလေးနက်နက် ယုံကြည်ပါတယ်။ ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့ဟာ ပြုပြင်ပြောင်းလဲရေးတွေ၊ သမိုင်းဝင် ဆောင်ရွက်မှုတွေကို နီးနီးကပ်ကပ် စောင့်ကြည့် လေ့လာခဲ့ပါတယ်။ ကျွန်တော်တို့ဆီက လေ့လာသူတွေဟာ ရွေးကောက်ပွဲ စောင့်ကြည့်ရေးမှာ ပါဝင်ခဲ့ကြပြီး အပြုသဘောဆောင်တဲ့ သုံးသပ်ချက်တွေ ပြုလုပ်ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုတွေကိုလည်း ကျွန်တော်တို့ ကြိုဆိုခဲ့ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒါဟာ လူတွေရဲ့ လုံခြုံရေးကို မြှင့်တင်ပေးပြီး၊ ဖွံ့ဖြိုးမှုနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အတွက် နောက်ထပ် အခွင့်အလမ်းတွေ ဖန်တီးပေး နိုင်လို့ပါ။ အဲဒါတွေဟာ မြန်မာပြည်သူတွေ အတွက်ရော၊ နိုင်ငံခြားနဲ့ ပူးပေါင်း ဆောင်ရွက်မှု ချဲ့ထွင်ရေးအတွက်ပါ အကျိုးရှိစေမှာပါ။ ထိန်းချုပ်မှုတွေ ဖြေလျှော့ပေးခဲ့တာ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်ခဲ့တာဟာ နှစ်နိုင်ငံဆက်ဆံရေး အတွက် အခွင့်အလမ်းသစ်တွေကို ဖန်တီးပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။

-ဒါကြောင့် အခက်အခဲတွေ ရှိနေပေမဲ့ လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဟာ အတော်လေး အထင်ကြီးလောက်စရာ ကောင်းတာကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပါတယ်။
 မဇ္ဈိမ-NLD ခေါင်းဆောင်မယ့် အစိုးရသစ်လက်ထက်မှာ ရုရှား-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးရော သံအမတ်ကြီး အနေနဲ့ ဘာတွေ မျှော်လင့်ထားလဲ။

ရုရှားသံအမတ်ကြီး-မြန်မာနိုင်ငံဟာ လွတ်လပ်တက်ကြွတဲ့ နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးခဲ့တဲ့ အချိန်တွေမှာ အအောင်မြင်ဆုံး ဖြစ်ခဲ့တာကို သမိုင်းက ပြောပြနေပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့ ဒေသတွင်း ကိစ္စရပ်တွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကို ကျွန်တော်တို့ ကောင်းကောင်း မှတ်မိပါတယ်။ ဘက်မလိုက် လှုပ်ရှားမှု အဖွဲ့ကို တည်ထောင်ခဲ့ကြတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး စည်းမျဉ်းတွေကို တည်ထောင်ခဲ့သူတွေထဲမှာလည်း မြန်မာနိုင်ငံ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ဒီလို လွတ်လပ် တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ အစဉ်အလာကောင်းကို ဆက်ကျင့်သုံးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတွေအားလုံးနဲ့ ရင်းနှီးဖော်ရွေပြီး အပြန်အလှန် အကျိုးရှိစေမယ့် ပူးပေါင်း ဆောင်ရွက်မှုမျိုး ဖွံ့ဖြိုးအားကောင်းလာအောင် စီစဉ် ဆောင်ရွက်နေပါတယ်ဆိုတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားလုံး တွေကလည်း ကျွန်တော်တို့ကို အားတက်စေခဲ့ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့၊ အပြန်အလှန် လေးစားမှု၊ တန်းတူညီမျှမှုနဲ့ အပြန်အလှန် အကျိုးစီးပွားတွေကို အခြေခံပြီး နယ်ပယ်အမျိုးမျိုးမှာ ဆောင်ရွက်သွားဖို့ လုံးဝ အဆင်သင့် ဖြစ်နေပါပြီ။

ဒါကြောင့် ကျွန်တော်တို့ဟာ နိုင်ငံရေး ဆက်ဆံမှုတွေအကြောင်း၊ ဥပမာအားဖြင့် လွှတ်တော်တွေကြား အပြန်အလှန် ဆက်နွယ်မှု၊ ဖလှယ်မှုတွေ တိုးမြှင့်ဖို့နဲ့ ကျွန်တော် ခုနက ပြောခဲ့သလိုပဲ ခြေလှမ်းသစ်တွေ လှမ်းကြဖို့နဲ့ စီးပွားရေး စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ ကိစ္စတွေကို ဆွေးနွေးနိုင်ကြပါပြီ။

မဇ္ဈိမ--မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအား ပြဿနာ ရှိနေပါတယ်။ နိုင်ငံရဲ့ ၃၀ ရာခိုင်နှုန်းလောက်သာ လျှပ်စစ်မီး ရကြပါတယ်။ နြူကလီးယား စွမ်းအင် နည်းပညာ လွှဲပြောင်းပေးရေးနဲ့ ပတ်သက်ပြီး ရုရှားနဲ့ မြန်မာ ချိတ်ဆက် ဆောင်ရွက်မှုကို ကျေးဇူးပြုပြီး ပြောပြပေး နိုင်မလား။

ရုရှားသံအမတ်ကြီး-သုတေသန နြူကလီးယား ဓာတ်ပေါင်းဖိုတွေ တည်ဆောက်ဖို့ သဘောတူညီချက် တစ်ရပ်ကို ကျွန်တော်တို့ ၂၀၀၇ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ Rosatom ကော်ပိုရေးရှင်းနဲ့ မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနတို့ဟာ အဏုမြူပညာရပ် ငြိမ်းချမ်းစွာ အသုံးပြုရေးနဲ့ ပတ်သတ်ပြီး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ အဲဒါဟာ အရမ်းအဆင့်မြင့်တဲ့ ရေရှည်စီမံကိန်း တစ်ခုဖြစ်ပြီးတော့ ဒီဒေသထဲမှာ လုပ်ငန်း အကောင်အထည် ဖော်ဖို့အတွက် နှစ်ဘက်လုံးရဲ့ အားထုတ်မှု လိုအပ်ပါတယ်။ ပြီးတော့ အရေးအကြီးဆုံးက လူ့အရင်းအမြစ်ပါ။

ဒါကြောင့် ပထမခြေလှမ်းက လူတွေကို နည်းပညာအကြောင်း၊ ဘေးကင်း လုံခြုံရေး အစီအစဉ်တွေ အကြောင်း စတာတွေကို သင်တန်း ပေးရမှာပါ။ ဒါပေမဲ့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေ အားလုံးကို တင်းတင်းကျပ်ကျပ် လိုက်နာပြီး ဒီဒေသမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ်ကြမှာပါ။ အဲဒါနဲ့ ပတ်သက်ပြီး မြန်မာဘက်ကလည်း တချို့ ခြေလှမ်းတွေ လှမ်းရပါလိမ့်မယ်။ နူကလီးယားဆိုင်ရာ ဘေးကင်းလုံခြုံရေး ဥပဒေကို လွှတ်တော်မှာ တလောက ဆွေးနွေးခဲ့တယ်လို့ ကျွန်တော် သိရပါတယ်။ ဒါဟာလည်း ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခုပါ။

ပထမဆုံးအနေနဲ့ ဝန်ထမ်းတွေကို လေ့ကျင့် သင်ကြားပေးရပါမယ်။ ပြီးရင်တော့ နောက်ခြေလှမ်း တစ်ခုက မြန်မာဘက်က စိတ်ဝင်စားတယ်ဆိုရင် အိုက်ဆိုတုပ်(ပ်) (isotope) တွေ ထုတ်လုပ်ဖို့နဲ့ နူကလီးယား နည်းပညာအတွက် သုတေသန ဓာတ်ပေါင်းဖို တစ်ခု တည်ဆောက်ဖို့ပါ။ နူကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေအတွက်တင် မကပါဘူး။ အိုက်ဆိုတုပ်(ပ်)တွေကို ဆေးဘက်ဆိုင်ရာ၊ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာတွေမှာလည်း အရည်အသွေး ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး အသုံးပြုနိုင်ပါတယ်။ အသုံးချနိုင်မယ့် ကဏ္ဍတွေ ကျယ်ကျယ်ပြန့်ပြန် ရှိပါတယ်။

နူကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေအကြောင်းနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် လျှပ်စစ် ဓာတ်အားနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံရဲ့ အစီအစဉ်တွေကို ကျွန်တော်တို့ လေ့လာ သုံးသပ်ခဲ့ပါတယ်။ ကျွန်တော်တို့ သဘောပေါက် နားလည်တာက မြန်မာနိုင်ငံဟာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ၂၀၃၀ မှာ သုံးဆ ဒါမှမဟုတ် လေးဆ တိုးမြှင့်ဖို့ စီစဉ်ထားတာပါ။ အဲဒီရည်မှန်းချက်ဟာ ကြီးမားပြီး လွယ်ကူတဲ့ လုပ်ငန်းစဉ် မဟုတ်ပါဘူး။

ဒါကြောင့် နူကလီးယား စွမ်းအင် ဖွံ့ဖြိုးရေးဟာ အဲဒီ ရည်မှန်းချက် ပြည့်မီရေးအတွက် နည်းလမ်းတွေထဲက တစ်ခုလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးက လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ အခုလက်ရှိ ထုတ်လုပ်နေကြတဲ့ စုစုပေါင်း လျှပ်စစ်ဓာတ်အားနဲ့ တန်းတူ ပမာဏကို၊ Block လေးခုနဲ့ နူကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ရုံက ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့်မို့ အရည်အသွေးအရပဲကြည့်ကြည့်၊ အရေအတွက် အရပဲကြည့်ကြည့် အဲဒါဟာ အကြီးအကျယ် တိုးတက်မှုပါ။

နူကလီးယား စွမ်းအင်ကဏ္ဍမှာ ကျွန်တော်တို့ရဲ့ အစိုးရပိုင် ကော်ပိုရေးရှင်း Rosatom ဟာ ကမ္ဘာမှာ နာမည်ကျော်ကြားတဲ့ အထင်ကရ ကော်ပိုရေးရှင်း တစ်ခုဖြစ်ပြီးတော့၊ နူကလီးယား လျှပ်စစ်ဓာတ် အားပေး စက်ရုံတွေအတွက် အရမ်းစိတ်ချရတဲ့၊ ကောင်းမွန်တဲ့ စက်ပစ္စည်းတွေကို အသုံးပြုတာပါ။ အထူးသဖြင့် ဥတုရာသီ ကွန်ဖရင့်က တလောက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကလည်း နူကလီးယား စွမ်းအင်ဖွံ့ဖြိုးရေးကို အလေးပေးထားပါတယ်။ အိမ်နီးချင်း နိုင်ငံတွေကိုလည်း ကြည့်လိုက်ပါ။ တရုတ် နိုင်ငံဟာ ဒီနည်းပညာ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်နေပါတယ်။ အိန္ဒိယကလည်း ဆောင်ရွက်နေပါ တယ်။ တလောကလည်း Rosatom ဟာ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်တို့နဲ့ သဘောတူညီချက်တွေကို လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။ ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှင့်မှု လျှော့ချရေး လုပ်ငန်းတာဝန်ကို ကျွန်တော်တို့ ရင်ဆိုင်နေရချိန်မှာ နူကလီးယား စွမ်းအင်ဟာ ရေရှည်လမ်းကြောင်း တစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

ဒါပေမဲ့ ဒီလုပ်ငန်းဟာ အချိန်အရမ်းကြာမှာပါ။ ကျွန်တော်တို့ ဒီနေ့ စလုပ်မယ်ဆိုရင်တောင် စက်ရုံကို ဆယ်နှစ်ကနေ ၁၂ နှစ်အတွင်း တည်ဆောက်နိုင်မှာပါ။ ဒါကြောင့်မို့ အချိန်ကြာပါတယ်။ စတင်ဖို့တော့ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပါပြီ။ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ဖို့၊ သုတေသနကိစ္စနဲ့ ဝန်ထမ်းတွေကို သင်တန်းပေးရေး ကိစ္စတွေ စတင်ဖို့ မြန်မာဘက်ကလည်း စိတ်ဝင်စားတယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်။ ဒီလုပ်ငန်းနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သတ်ပြီး မြန်မာဘက်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဒီလုပ်ငန်းဟာ အလားအလာ အရမ်းကောင်းပြီး မြန်မာနိုင်ငံရဲ့ စက်မှုနည်းပညာ အဆင့်အတန်းကိုလည်း မြှင့်တင်ပေးပါလိမ့်မယ်။ ဒါကြောင့်မို့ အနာဂတ် ပူးပေါင်း ဆောင်ရွက်ရေးနဲ့ ပတ်သတ်ပြီး ဒီကဏ္ဍဟာ အလားအလာ အရမ်းကောင်းတဲ့ နယ်ပယ်အဖြစ် ကျွန်တော်တို့ ယုံကြည်ပါတယ်။
 မဇ္ဈိမ--ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ နူကလီးယားစွမ်းအင် ဒါမှမဟုတ် နူကလီးယားစွမ်းအင် နည်းပညာတွေနဲ့ ပတ်သက်ရင်၊ ဒီနူကလီးယား အစီအစဉ်နဲ့ ပတ်သက်ရင် ဘေးကင်းလုံခြုံရေး အစီအစဉ်တွေ လုံလုံလောက်လောက် ရှိရေးအတွက် IE အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံ ညှိနှိုင်း ကိုင်တွယ် ဆောင်ရွက်နေပုံကို သံအမတ်ကြီး အနေနဲ့ ကျေနပ်မှု ရှိပါသလား။

ရုရှားသံအမတ်ကြီး-မြန်မာနိုင်ငံက လုပ်ဖော်ကိုင်ဘက်တွေဟာ ဒီကိစ္စအပေါ် လေးလေးနက်နက် ထားကြကြောင်း ကျွန်တော်တို့ သိပါတယ်။ ရှေ့ဆက်လုပ်ရမယ့် ခြေလှမ်းတချို့ ရှိနေသေးကြောင်းလည်း သူတို့က ကျွန်တော်တို့ကို ပြောပါတယ်။ ပထမတစ်ခုကတော့ ဥပဒေပြဌာန်းရေးနဲ့ ပတ်သက်ပါတယ်။ ပြီးရင်တော့ နူကလီးယား ဘေးကင်း လုံခြုံရေးအတွက် တာဝန်ယူမယ့် အဖွဲ့အစည်းတစ်ခု ရှိသင့်ပါတယ်။ ပြီးတော့ လုပ်ထုံးလုပ်နည်း ကျင့်ဝတ်တွေ ချမှတ်ရေး၊ စစ်ဆေးရေး၊ IAA နဲ့ ပူးပေါင်း ဆောင်ရွက် ရေးတွေ လုပ်ရပါမယ်။ ဒါကြောင့် ဒါဟာ ခိုင်မာကောင်းမွန်တဲ့ အစီအစဉ်တစ်ရပ် ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ နူကလီးယား ဘေးကင်းလုံခြုံရေးနဲ့ ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးရေး နယ်ပယ်တွေမှာ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ အသင့် ရှိနေပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ နှစ် ၅၀ လောက် အတွေ့အကြုံတွေရှိပြီး ဘယ်ဟာတွေဟာ အဓိကကျလဲ၊ ဒီနယ်ပယ်မှာ အဓိက အခက်အခဲတွေက ဘာတွေလဲဆိုတာကို ကျွန်တော်တို့ သိရှိကြတာမို့၊ ဒီလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ တိုးတက်မှုရှိပြီး ဘေးကင်းလုံခြုံရေးကို အပြည့်အဝ အာမခံနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နူကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံ အမျိုးအစား သစ်ဟာ အမျိုးအစားဟောင်းတွေနဲ့ ခြားနားပါတယ်။ အမျိုးအစားသစ်တွေဟာ အရမ်းစိတ်ချရပြီး၊ စီးပွားရေးအရ ကြည့်မယ်ဆိုရင်လည်း ရေရှည်မှာ ကုန်ကျစရိတ် နည်းတာကြောင့် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားပါတယ်။ တည်ဆောက်ရေး စရိတ်တွေ မြင့်မားတယ်ဆိုပေမဲ့ ရေရှည်လုပ်ငန်း လည်ပတ်ရေး စရိတ်တွေ ပိုနည်းပါတယ်။ ဒါကြောင့်မို့ စီးပွားရေးအရ ကြည့်ရင် ဒါဟာ ယှဉ်ပြိုင်နိုင်စွမ်း ရှိပါတယ်။
 မဇ္ဈိမ--စစ်လက်နက်ပစ္စည်း အသစ်တွေနဲ့ ပြုပြင်မွမ်းမံထားတဲ့ စစ်လက်နက်တွေကို မြန်မာ့ တပ်မတော်အတွက် ရုရှားက ရောင်းချတာနဲ့ ပတ်သတ်ပြီး ရုရှားနဲ့ မြန်မာအကြား ထိရောက်မှုရှိတဲ့ ဆက်စပ် ပတ်သက်မှုကို ကျွန်တော်တို့ကို ပြောပြနိုင်မလား။

ရုရှားသံအမတ်ကြီး-ဒါဟာ လူသိရှင်ကြား မှတ်ချက်ပေးလို့မရတဲ့ နယ်ပယ်ပါ။ မြန်မာနဲ့ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်ဆိုတာကိုတော့ မှန်တယ်လို့ ကျွန်တော် ပြောရမှာပါ။ ပြီးခဲ့တဲ့နှစ်က စစ်ရေးပြ အခမ်းအနားတစ်ခုကိုလည်း ကျွန်တော် တက်ရောက်ခဲ့ပြီး၊ မြန်မာအလံနဲ့ ရုရှား ရဟတ်ယာဉ်တွေ၊ အမ်အိုင်ဂျီ ဂျက်တိုက်လေယာဉ်တွေကို မြင်ရတာဟာ ကျေနပ်စရာကောင်းပါတယ်။ ဒါဟာ ပုံမှန်ပါ။

ဒီဒေသတွင်းက နိုင်ငံတကာ စည်းမျဉ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာရင်းနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေကို ကျွန်တော်တို့ ဆက်လုပ်သွားမှာပါလို့ ကျွန်တော် ထပ်ပြောချင်ပါတယ်။ ရည်ရွယ်ချက်ကတော့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့နဲ့ မြန်မာစစ်တပ်ကို ခေတ်မီအောင် လုပ်ပေးဖို့ပါ။ ဒါကလည်း ပုံမှန်ပါပဲ။ ကျွန်တော်တို့ဟာ နိုင်ငံတွေ အများကြီးနဲ့ ပူးပေါင်း ဆောင်ရွက်နေတာပါ။ ဒါဟာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ကဏ္ဍတစ်ခုလည်း ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ မြန်မာနိုင်ငံရဲ့ နည်းပညာ စွမ်းဆောင်မှုကိုလည်း မြင့်တက်လာစေမှာပါ။ ဘာကြောင့်လည်း ဆိုတော့ ခေတ်မီ ခမ်းနားတဲ့ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကို ကိုင်တွယ်ရပြီဆိုရင် လူတွေဟာ ကျွမ်းကျင်မှုနဲ့ ဗဟုသုတသစ်တွေ ရလာမှာဖြစ်ပြီး၊ သူတို့ဟာ အဲဒါတွေကို တခြားနယ်ပယ်တွေမှာ ပြန်ပြီး အသုံးချနိုင်ပါတယ်။

မဇ္ဈိမ--ထောက်လှမ်းရေး အရာရှိတွေကို လေ့ကျင့်သင်ကြားပေးတာနဲ့ ပတ်သက်ပြီးရော ဘာပြော ချင်ပါသလဲ။
 ရုရှားသံအမတ်ကြီး-အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ သင်တန်းပေးရေးအတွက် ပူးပေါင်း ဆောင်ရွက်ဖို့ ကျွန်တော်တို့ အဆိုပြုထားပါတယ်။ အတွေ့အကြုံတွေ မျှဝေဖို့နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာ အကောင်းဆုံး လုပ်ထုံးလုပ်နည်းတွေကို မျှဝေဖို့ အာဆီယံ နိုင်ငံတွေအတွက် သင်တန်းတွေ ကျွန်တော်တို့မှာ ရှိပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် နားလည်မှု စာချွန်လွှာတစ်ခုကိုလည်း ကျွန်တော်တို့ လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံကို ကျွန်တော်တို့ဆီက ကျွမ်းကျင်သူတွေ ပြီးခဲ့တဲ့နှစ်က လာရောက်ခဲ့ကြပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် စုံစမ်း ထောက်လှမ်းရေး နည်းစနစ်တွေနဲ့ ပတ်သက်တဲ့ သင်တန်းတစ်ခုလည်း ကျွန်တော်တို့မှာ ရှိပါတယ်။ ဒါကြောင့် အဲဒီလို ပူးပေါင်းဆောင်ရွက်မှုမျိုးဟာ အပြန်အလှန် အကျိုးရှိ စေပါတယ်။ ပြီးတော့ ဒီနယ်ပယ်မှာ အာဆီယံနိုင်ငံတွေ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်နေတာပါ။

ဒုတိယပိုင်း ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly