နျူကလီးယားစစ်ပွဲဖြစ်လျှင် နေတိုးနိုင်ငံအားလုံးကို ‘နာရီဝက်အတွင်း’ ဖျက်ဆီးပစ်နိုင်ဟု ရုရှ ပြော 

နျူကလီးယားစစ်ပွဲဖြစ်လျှင် နေတိုးနိုင်ငံအားလုံးကို ‘နာရီဝက်အတွင်း’ ဖျက်ဆီးပစ်နိုင်ဟု ရုရှ ပြော 

မေ ၉

ရုရှနိုင်ငံသည် နေတိုးနိုင်ငံအားလုံးအား ‘နာရီဝက်အတွင်း’ ဖျက်ဆီးပစ်နိုင်သည်ဟု ဗလာဒီမာ ပူတင်၏ အနီးကပ် ခရိုနီများမှ တစ်ဦးဖြစ်သူက ပြောသည်။ 

အာဏာရှင်ဆန်သော ခေါင်းဆောင် ပူတင်၏ ရည်ရွယ်ချက်သည် ‘ရန်သူ’ အနောက်အုပ်စုအား အနိုင်ပိုင်းရေးနှင့် ယူကရိန်းကို မြေပုံပေါ်မှ ဖယ်ရှားပစ်ရေးဖြစ်သည်ဟု ရုရှ အာကာသအေဂျင်စီ Roscosmos ၏ အကြီးအကဲဖြစ်သူ ဒီမီထရီ ရိုဂိုဇင်းက ဝန်ခံပြောဆိုသည်။ 

“နေတိုးအုပ်စုဟာ ကျွန်တော်တို့ကို ဆန့်ကျင်ပြီး စစ်ပွဲဆင်နွှဲနေတာ ဖြစ်တယ်”ဟု နိုင်ငံ ၃၀ အနောက် စစ်မဟာမိတ်အုပ်စု နေတိုးနှင့် ပတ်သက်ပြီး ရုရှနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သူ ၎င်းက ဆိုသည်။ 

“နေတိုးဟာ ဒီလို စစ်ဆင်နေတယ်ဆိုတာကို မကြေညာထားဘူး၊ ဒါပေမဲ့ ဘာကိုမှ မပြောင်းလဲနိုင်ပါဘူး၊ အခုဆိုရင် အားလုံးအတွက် ထင်သာမြင်သာ သိရှိနိုင်ပြီဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

“နျူကလီးယားစစ်ပွဲမှာ ကျွန်တော်တို့က နေတိုးနိုင်ငံတွေကို နာရီဝက်အတွင်း ဖျက်ဆီးပစ်နိုင်တယ်”ဟု သဘောထားတင်းမာသော အသက် ၅၈ နှစ်အရွယ် ရိုဂိုဇင်းက ဆိုသည်။ 

“ဒါပေမဲ့ နျူကလီးယား စစ်ပွဲကို ကျွန်တော်တို့ ခွင့်ပြုလို့ မဖြစ်ဘူး၊ ဘာကြောင့်လည်းဆိုတော့ အပြန်အလှန် နျူကလီးယားစစ်ခင်းရင် ကျွန်တော်တို့ ကမ္ဘာရဲ့ အခြေအနေကို ရိုက်ခတ်လာမှာကြောင့် ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

“ဒါကြောင့် ကျွန်တော်တို့အနေနဲ့ စီးပွားရေးနဲ့ စစ်ရေးမှာ အားကောင်းတဲ့ ရန်သူတွေကို သမာရိုးကျ လက်နက်တွေနဲ့ပဲ အနိုင်ယူသွားမှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

ပူတင်သည် ၎င်း၏ ခြေကုန်လက်ပန်း ကျနေပြီဖြစ်သော စစ်ရေးအားထုတ်မှုများကို မြှင့်တင်ရန် ကြီးမားသော စစ်ပြင်ဆင်ခြင်းကို လုပ်ဆောင်လာမည်ဟု ထင်ကြေးများ ရှိနေသည့်ကြားက ရုရှကို စစ်ပွဲဆီ တွန်းပို့လိမ့်မည်ဟုလည်း ၎င်းက အရိပ်အမြွက်ပြောဆိုလာခဲ့သည်။ 

“နိုင်ငံရဲ့ စီးပွားရေးကို စစ်ပုံစံသွင်းပြီး စစ်တပ်နဲ့အတူ တစ်နိုင်ငံလုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့ အောင်ပွဲဆိုတာ ဖြစ်လာနိုင်တာပဲ”ဟု ၎င်းက ပြောသည်။ 

စစ်ရေးရည်မှန်းချက်များအတွက် ချက်ချင်းပင် အင်တိုက်အားတိုက် တာဝန်ထမ်းဆောင်ကြရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ဒါကို ချက်ချင်း မြန်မြန်ဆန်ဆန် လုပ်ဆောင်ရမှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

ရိုဂိုဇင်း၏ ယခု ပြောဆိုချက်သည် မော်စကို၌ မေ ၉ ရက်တွင် ကျင်းပမည်ဖြစ်သော အောင်ပွဲခံနေ့ စစ်ရေးပြပွဲအတွက် နောက်ဆုံး ပြင်ဆင်နေချိန်၌ ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly