ကရာချိမြို့ ရေအကျပ်အတည်း ဖြေရှင်းရေး ပါကစ္စတန်က တရုတ်ထံမှ အကူအညီ တောင်း

By The Print
08 May 2022
ကရာချိမြို့ ရေအကျပ်အတည်း ဖြေရှင်းရေး ပါကစ္စတန်က တရုတ်ထံမှ အကူအညီ တောင်း

ပါကစ္စတန်နိုင်ငံ ကရာချိမြို့၌ သန့်ရှင်းသောရေ ရှားပါးမှုနှင့် ဆက်လက် ရင်ဆိုင်နေရစဉ် ယင်းမြို့၌ ပင်လယ်ရေငန်မှ ရေချို ထုတ်မှု စက်ရုံတစ်ရုံ ထူထောင်ရာတွင် တရုတ်တို့ ပါဝင်ပူးတွဲဆောင်ရွက်ရေးအတွက် ပါကစ္စတန်တာဝန်ရှိသူတို့က ကြိုးပမ်းလျက် ရှိသည်။

ထို့ပြင် ကရာချိ မြို့ပတ် ရထားလမ်း (KCR) စီမံကိန်းကိုလည်း တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) အောက်တွင် ထည့်သွင်းရေး ပါကစ္စတန်က တရုတ်ထံ ပန်ကြားထားကြောင်း သိရသည်။

နိုင်ငံ၏ လူနေအထူထပ်ဆုံး ဆိပ်ကမ်းမြို့ ကရာချိတွင် စိုးရိမ်ဖွယ် ရေအကျပ်အတည်းနှင့် ရင်ဆိုင်နေရစဉ် ယခုကဲ့သို့ ပန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပါကစ္စတန်အစိုးရ၏ စီမံကိန်းရေးဆွဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အထူးအစီအစဉ်များဆိုင်ရာ ဖက်ဒရယ် ဝန်ကြီး ပါမောက္ခ အက်ရှ်ဆန် အစ်ခ်ဘဲလ်သည် ဧပြီ ၂၆ ရက်က ပါကစ္စတန်ဆိုင်ရာ တရုတ်သံရုံး၏ သံရုံးယာယီတာဝန်ခံ ပန်ချွန်ရွှီးနှင့် တွေ့ဆုံစဉ် “တရုတ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပြန်လည် ရယူရန် CPEC စီမံကိန်းများကို မြန်ဆန်သွက်လက်စေရေးက မိမိ၏ ထိပ်တန်း ဦးစားပေးဖြစ်သည်” ဟု ပြောခဲ့ကြောင်း The Nation က ဖော်ပြသည်။

ထို့ပြင် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သည့် ပါကစ္စတန်အစိုးရသစ် အာဏာရလာပြီးနောက် CPEC စီမံကိန်းသည် အခြေအနေ တိုးတက်လျက် ရှိကြောင်း ပါကစ္စတန်ဝန်ကြီးက တရုတ်သံရုံးယာယီ တာဝန်ခံကို ပြောခဲ့ကြောင်း သိရသည်။

ထို့ပြင် စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရေးအတွက် ကိုက်ညီသင့်တော်သည့် အစည်းအဝေးများကို ကျင်းပလျက် ရှိကြောင်း ၎င်းက ပြောဆိုခဲ့သည်ဟု သိရသည်။

ထို့ပြင် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းကိုလည်း အစ်ခ်ဘဲလ်က ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့သည်။ “ကံမကောင်းတာက ပြီးခဲ့တဲ့ နောက်ဆုံးလေးနှစ်တာကာလအတွင်း အထူးစီးပွားရေးဇုန်တွေ မဖော်ဆောင်ခဲ့ တာကြောင့် တရုတ်ရင်းနှီးမြှုပ်နှံသူတွေဆီက ရင်းနှီးမြှုပ်နှံမှုပမာဏ ကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly