ကုလ ဦးဆောင်သည့် ကယ်ဆယ်ရေးမစ်ရှင်ဖြင့် မာရီယူပိုလ်မြို့မှ အရပ်သား ၅၀၀ နီးပါးကို ကယ်ထုတ်နိုင်ခဲ့ဟု ယူကရိန်း ပြော

ကုလ ဦးဆောင်သည့် ကယ်ဆယ်ရေးမစ်ရှင်ဖြင့် မာရီယူပိုလ်မြို့မှ အရပ်သား ၅၀၀ နီးပါးကို ကယ်ထုတ်နိုင်ခဲ့ဟု ယူကရိန်း ပြော
Photo - AFP

မေ ၆

စစ်ဒဏ်ကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးထားခဲ့သည့် မာရီယူပိုလ်မြို့နှင့် ယင်း၏ ဝိုင်းရံခံ အဇော့ဗ်စတဲလ် သံမဏိစက်ရုံတို့၌ ပိတ်မိနေသော အရပ်သား ၅၀၀ နီးပါးကို ကုလသမဂ္ဂ ဦးဆောင်သည့် ကယ်ဆယ်ရေးမစ်ရှင်တစ်ခုနှင့်အတူ ကယ်ထုတ်ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း ယူကရိန်းသမ္မတရုံးက မေလ ၆ ရက်တွင် ပြောသည်။

ယူကရိန်းနိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ရှိ နောက်ဆုံးကျန်ရှိနေသည့် ခုခံရာ နေရာဖြစ်ထားခဲ့သည့် သံမဏိစက်ရုံထဲကနေ အရပ်သားများကို ယာဉ်တန်းသစ်တစ်ခုဖြင့် ဘေးကင်းရာ ကယ်ထုတ်ရွှေ့ပြောင်းမည် ဖြစ်ကြောင်း ကုလသမဂ္ဂက မေလ ၅ ရက်တွင် ပြောခဲ့သည်။

“အရပ်သား ၅၀၀ နီးပါးကို ဘေးကင်းရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါပြီ” ဟု ယူကရိန်းသမ္မတရုံးမှ ဝန်ထမ်းအကြီးအကဲဖြစ်သည့် အန်ဒရီ ယာမက်ခ်က တယ်လီဂရမ်ကနေ ပြောသည်။

ထိခိုက်ပျက်စီးနေခဲ့သည့် မာရီယူပိုလ်မြို့၌ ပိတ်မိနေသည့် အရပ်သားများနှင့် စစ်သည်တပ်ဖွဲ့ဝင်အားလုံးကို ကယ်တင်နိုင်ရန် ယူကရိန်းအစိုးရအနေဖြင့် အစွမ်းကုန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ကယ်ဆယ်ရေးမစ်ရှင်ကို ဆက်လုပ်နေသည်ဟုလည်း ၎င်းက ပြောသည်။

မာရီယူပိုလ်တွင် မေလ ၅ ရက်မှစပြီး သုံးရက်တာ အပစ်အခတ် ရပ်စဲမှု ရှိမည်ဟု ရုရှ စစ်တပ်က ကြေညာထားခဲ့သော်လည်း ယင်းမြို့ရှိ အဇော့ဗ်စတဲလ် စက်ရုံဝင်း၌ ပြင်းထန်သည့် တိုက်ပွဲများ ဆက်ရှိနေခဲ့သည်ဟု ယူကရိန်းတပ်မှူးတစ်ဦးက ပြောခဲ့သည်။

ရာနှင့်ချီသော စစ်သားများနှင့် အရပ်သားများသည် ပြင်းထန်သည့် ဗုံးကြဲတိုက်ခိုက်မှုအောက်တွင် သီတင်းပတ်များနှင့်ချီ ထိုစက်ရုံဝင်း၌ ပိတ်မိနေခဲ့ကြပြီး အများအပြားသည် စက်ရုံ၏ ဆိုဗီယက်ခေတ် မြေအောက်ဉမင်လိုဏ်များတွင် ခိုလှုံနေကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly