ဟူးကောင်းဒေသ တနုုိင်းမြို့နယ်အတွင်းရှိ ဘိန်းခင်း ဧကပေါင်း ၁၅၀၀ ကျော်ဖျက်ဆီးနိုင်

ဟူးကောင်းဒေသ တနုုိင်းမြို့နယ်အတွင်းရှိ ဘိန်းခင်း ဧကပေါင်း ၁၅၀၀ ကျော်ဖျက်ဆီးနိုင်
ဓာတ်ပုံ - Pat Ja San

ချင်းမိုင် ၊ဖေဖော်ဝါရီ ၂ ။             ။ ကချင်ပြည်နယ် ဟူးကောင်းဒေသ တနိုင်းမြို့နယ်အတွင်းရှိ ဘိန်းခင်း ဧကပေါင်း ၁၅၀၀ ကျော်ကို လူထုအခြေပြု ကချင်မူးဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ခေါ် ကချင်ဘာသာဖြင့် Pat Ja San မှ ဖျက်ဆီးနိုင်ခဲ့ကြောင်း  သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်မှ ဖေဖော်ဝါရီလ ၃၁ ရက်ထိ ရက်ပေါင်း ၂၀ ကြာ တနိုင်းဒေသသို့ ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ လူအင်အား ၆၀၀ ကျော်ဖြင့် ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှကို ဖေဖော်ဝါရီ  ၁ ရက် နံနက် ၉ နာရီတွင် တနိုင်မြို့ရှိ ကချင်နှစ်ခြင်း ခရစ်ယာအသင်း ဘုရားကျောင်းတွင် လူထုနှင့်အတူ ကြိုဆို၍ ဆုတောင်းပွဲ အခမ်းအနားများ ကျင်းပခဲ့သည်ဟု မြစ်ကြီးနားနယ် ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ အတွင်းရေးမှူး ဦးအင်ခွန်တန်ဂွန်းက ပြောသည်။

“ကျနော်တို့ သိထားတလောက် ဘိန်း ဧက ၁၅၀၀ ကျော် တိုက်ဖျက်ပြီးပြီ။ သူတို့ကို တနိုင်းမှာ ဘိန်းခင်းတွေ ဖျက်ဆီးမှု နိဂုံးချုပ် အနေနဲ့ သူတို့ကို့ ကြိုဆိုတဲ့ ဆုတောင်းပွဲလုပ်တယ်။ ဒီမြစ်ကြီးနားဘက်မှာ လီဒိုကားလမ်းကနေ မြို့ခံတွေ သီးဝိုင်းတွေ၊ ပန်းစီးတွေ၊ တာဝါတွေပေးပြီ ကြိုဆိုခဲ့တယ်”ဟု ၎င်းကဆိုသည်။

တနိုင်းဒေသအတွက် ဘိန်းခင်းစိုက်ဧက ၁၅၀၀ ကျော်ရှိသည်ဟု ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ လေ့လာတွေ့ရှိထားသလောက် ဘိန်းခင်းဖျက်ဆီးခဲ့သည်ဟု သူက ပြောသည်။

“့ကျနော်တို့ သုတေသနလုပ်ထားတလောက်တော့ ကုန်ပြီလို့တော့ ပြောလို့ရတယ်။ အခုရှိနေသေးတာက နာဂ လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်တဲ့ဘက်မှာတော့ ရှိသေးတယ်။ အဲဒီဘက်တော့ ကျနော်တို့ မသွားနိုင်ဘူး”ဟု ဦးအင်ခွန် တန်ဂွန်းက ပြောသည်။

တနိုင်းဒေသအတွင်း ဘိန်းခင်းများ ဖျက်ဆီးနေစဉ် ကချင်မူးယစ်ဆေးဝါးအဖွဲ့က ဘိန်းစိုက်ပျိုသူများက တူမီးလက်နက်ဖြင့် တားဆီး ပစ်ခတ်ခဲ့သဖြင့် ဇန်နဝါရီ  ၁၅ ရက်က အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်က ဝိုင်းမော်မြို့မှ မြန်မာ-တရုတ်နယ်စပ် ဆဒုံး၊ ချီဖွေ၊ ကန်ပိုင်တီ ဒေသဘက်တွင်လည်း ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ လူအင်အား ၁၂၀၀ ကျော်သည် သွားရောက် ဖျက်ဆီးနေဆဲ ဖြစ်ပြီး ယင်းဒေသသို့ ဘိန်းခင်းများ ဖျက်ဆီးရန်အတွက် လူအင်အား ထပ်မံ တိုးမြင့် သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုဒေသတွင် ဒေသခံ ဘိန်းစိုက်ပျိုးသူများ တားဆီးပိတ်ပင်မှုများရှိသဖြင့် ပြည်နယ်အစိုးရ ရဲတပ်ဖွဲ့နှင့် စစ်တပ် အင်အား ၅၀ ကျော်လည်း လုံခြုံရေး တာဝန်ယူပေးနေပြီး ထိုဒေသအတွင်း ဘိန်းခင်းစိုက်ဧက ၂၀၀၀ ခန့် တွေ့ရှိထားသည်ဟု ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့က ဇန်နဝါရီလ ၂၀ ရက်က ထုတ်ပြန်ထားသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီ  ၅ ရက်မှစတင်၍ လူထုအခြေပြု ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ကချင်ပြည်နယ် ပူတာအို၊ ဆွမ်ပရာဘွမ်ဒေသများရှိ ဘိန်းခင်း ဧက ၁၀၀၀ ချီဖျက်ဆီးနိုင်ခဲ့ပြီး ဖြစ်သည်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ၂၀၁၄ ခုနှစ်မှစတင်၍ ခရစ်ယာန်ဘာသာရေး ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များ ဦးဆောင်၍ လူထုအခြေပြု ကချင်မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ကို ဖွဲ့စည်း၍ ဘိန်းခင်းများ ဖျက်ဆီးခဲ့သည်မှာ ဧကပေါင်း ၃၀၀၀ ကျော် ဖျက်ဆီးနိုင်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly