လက်လုပ် လက်နက်ချို့ယွင်းပြီး လက်ပြတ်သည့်ရဲဘော် ဆက်လက်တိုက်ပွဲဝင်မည်

လက်လုပ် လက်နက်ချို့ယွင်းပြီး လက်ပြတ်သည့်ရဲဘော် ဆက်လက်တိုက်ပွဲဝင်မည်

မေ ၆

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် ရဲဘော်တစ်ဦး လက်လုပ်လက်နက်ပစ်ခတ်စဉ် ပြောင်းကွဲကာ ထိခိုက်မှုဖြစ်ပွား သည့်အတွက် ဘယ်လက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၉ ၇က်နေ့တွင် ပုလဲမြို့မရဲစခန်းအား ကျားသစ်နက်တပ်ဖွဲ့မှ ရဲဘော်များ လက်လုပ်လက်နက်ကြီး (၎င်းတို့အခေါ် ၁၂၀ မမ ပုံစံ၊ ၄၀ မမ ပုံစံ) များဖြင့် သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းမှ ပြန်လည်ပစ်ခတ်သည့်အတွက် 

တော်လှန်ရေး ရဲဘော်များဆုတ်ခွာရင်း ခုခံတိုက်ခိုက်ချိန်တွင် ယခုကဲ့သို့ ထိခိုက် ဒဏ်ရာရခဲ့သည်ဟု ကျားသစ်နက်အဖွဲ့ဦးဆောင်သူက ပြောသည်။
ထိုရဲဘော်သည် ကျားသစ်နက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်ပြီး အသက် ၂၃ နှစ်သာ ရှိသေးသည်။

“ ၂၀၂၁ ခုနှစ် မေလလောက်ကတည်းက သူက ဒီလက်လုပ်သေနတ်ကိုပဲကိုင်တာ။ သူ့လက်လုပ်ကလည်း သူများ တွေထက် လေးဆလောက်ပိုအားပြင်းတယ်။ တိုက်ပွဲပေါင်းလည်းများပြီပေါ့နော် ဒီတူမီးနဲ့ ဝင်ခဲ့တာ။ သက်တမ်း ကြာလာတော့ ယမ်းရဲ့ကန်အားကို မထိမ်းနိုင်တော့တာကြောင့် ပြောင်းကွဲပြီးတော့ ရဲဘော်ကို ထိခိုက်ခဲ့တာ” ဟု အမည်ထုတ်ဖော်ပြောခြင်းမရှိသည့် ဒဏ်ရာရရဲဘော်အကြောင်း ကျားသစ်နက်အဖွဲ့ဦးဆောင်သူက ပြောသည်။ 

ကျားသစ်နက်အဖွဲ့တွင် လက်နက်ချို့ယွင်းချက်ကြောင့် ရဲဘော်များထိခိုက်ရသည်မှာ ပထမဆုံးအကြိမ် မဟုတ်ဘဲ ကျားသစ်နက်အဖွဲ့ ဉီးဆောင်သူ၏ပြောပြချက်အရ ကိုယ့်လက်နက်ဖြင့်ကိုယ် ထိခိုက်မိသည့်အတွက် ရဲဘော်တစ်ဦး ကျဆုံးပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသူ စုစုပေါင်းလေးဦးရှိပြီဖြစ်သည်။

ဒေသတွင်း အလှူငွေအနည်းငယ်ဖြင့်ရပ်တည်နေရသည့် အခြားဒေသခံကာကွယ်ရေးတပ်ဖွဲ့များတွင်လည်း ကျားသစ်နက်တပ်ဖွဲ့ကဲ့သို့ လက်လုပ်လက်နက် ချို့ယွင်းချက်ကြောင့် အသက်ပေးခဲ့ရသူများ ရှိနေကြောင်း ၎င်းတို့ ပြောပြချက်အရ သိရသည်။
သို့သော် ကိုယ်လက်အင်္ဂါဆုံးရှုံးရသည့် ရဲဘော်များမှာ တော်လှန်ရေးမှအနားယူခြင်း မရှိဘဲ တပ်ဖွဲ့တွင် ဆက်လက် ပါဝင်ကာ တာဝန် ထမ်းဆောင်နေကြသည်ဟု ကျားသစ်နက် အဖွဲ့ခေါင်းဆောင်ကပြောသည်။
“ဒီကရဲဘော်တွေက သူတို့ကိုယ်လက်အင်္ဂါဆုံးရှုံးလို့ဝမ်းနည်းတာထက် စစ်ကောင်စီကို တပ်ဖွဲ့နဲ့အတူ ပြန်လည် တိုက်ထုတ်ခွင့်မရမှာကို ပိုပြီးစိတ်ပူကြတယ်။ ခုရဲဘော်ဆိုရင်လည်း သူ့ကိုတပ်ဖွဲ့ကနေထုတ်မပစ်ဖို့ ကျန်သေး တဲ့အခြား ခြေတွေလက်တွေနဲ့တိုက်ပွဲဝင်ဖို့ တောင်းဆိုတယ်” ဟု ၎င်းကပြောသည်။

ထို့အပြင် “ကျွန်တော်တို့က တော်လှန်ရေးကို တူမီးနဲ့စခဲ့တယ်။ တစ်နှစ်ကျော်အထိ တိုက်ခိုက်ရင်းတောင့်ခံထား ကြတယ် စစ်ကောင်စီဘက်ကလည်း အရှိန်မြှင့်ပြီး ချေမှုန်းလာကြတယ်။ အဲဒီတော့တော်လှန်ရေးကို အရှိန်မြှင့်ဖို့ ဆိုရင် ကျွန်တော်တို့လက်နက်အင်အား မြှင့်တင်နိုင်ဖို့လိုပါတယ်၊ ကျွန်တော်တို့ မြေပြင်အဖွဲ့လေးတွေက အထောက် အပံ့ အင်မတန် အားနည်းလွန်းတယ်။ ဒါကြောင့် ထင်သလောက် မထိရောက်ဘူးဖြစ်နေတယ်။ ပြီးတော့လက်နက် မကောင်းလို့ ကျွန်တော်တို့ ရဲဘော်တွေ ခုလိုမျိုး ဆုံးရှုံးရတယ်။ ပြည်သူတွေကတော့ အကုန်ဝိုင်းပြီး လှူနေကြတာပဲ ဦးဆောင်ပြီး အလှူခံတဲ့သူတွေ၊ အဖွဲ့တွေက မြေပြင်ကို ကောင်းကောင်းမြင်အောင်ကြည့်ပြီး မျှတတဲ့လှူဒါန်းမှု လုပ်ပေးဖို့ လိုတယ်” ဟု ကျားသစ်နက်အဖွဲ့ခေါင်းဆောင်က သတင်းစကား ပါးသည်။
#Mizzima
#ကျားသစ်နက်
#တူမီး
#လက်ပြတ်
#ပုလဲမြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly