ရုရှ ကျူးကျော်မှုကြောင့် ယူကရိန်း၌ ဆေးရုံများနှင့် ဆေးဘက်ဆိုင်ရာ စင်တာ ၄၀၀ နီးပါး ပျက်စီးခဲ့ဟု ဇယ်လန်စကီး ပြော

ရုရှ ကျူးကျော်မှုကြောင့် ယူကရိန်း၌ ဆေးရုံများနှင့် ဆေးဘက်ဆိုင်ရာ စင်တာ ၄၀၀ နီးပါး ပျက်စီးခဲ့ဟု ဇယ်လန်စကီး ပြော

မေ ၆

ယူကရိန်းအပေါ် ရုရှ၏ ကျူးကျော်မှုကြောင့် ရာနှင့်ချီသော ဆေးရုံများနှင့် အခြား ဆေးဘက်ဆိုင်ရာ အင်စတီကျူးရှင်းများ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရပြီး ဆရာဝန်များသည်လည်း ကင်ဆာရောဂါ ကိုင်တွယ်ကုသရန် ဆေးဝါးများ မရှိတော့ခြင်း သို့မဟုတ် ခွဲစိတ်ကုသမှု လုပ်ဆောင်နိုင်စွမ်း မရှိခြင်းတို့ ဖြစ်ခဲ့ကြရကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောသည်။

အဓိက စစ်မြေပြင်များဖြစ်သည့် ယူကရိန်း အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် နေရာအများအပြား၌ အခြေခံ ပဋိဇီဝဆေးများပင် မရှိတော့သည့်အခြေအနေ ဖြစ်နေကြောင်း ဇယ်လန်စကီးက ပြောသည်။

“ဆေးဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံပိုင်းနဲ့ပတ်သက်လို့ ခင်ဗျားတို့ စဉ်းစားကြည့်မယ်ဆိုရင် ဒီနေ့အချိန်အထိ ရုရှတပ်ဖွဲ့တွေဟာ ယူကရိန်းမှာ ဆေးရုံတွေ၊ သားဖွားဌာနတွေ၊ ပြင်ပလူနာ ဆေးခန်း တွေ အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု အင်စတီကျူးရှင်း ၄၀၀ နီးပါးကို ဖျက်ဆီးခဲ့ ဒါမှမဟုတ် ပျက်စီးစေခဲ့ပါတယ်” ဟု ဇယ်လန်စကီးက မေလ ၅ ရက်တွင် ဆေးဘက်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့တစ်ခုကို ဗီဒီယိုမိန့်ခွန်းတစ်ခု ပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့သည်။

ရုရှတပ်ဖွဲ့များ သိမ်းယူထားသည့် ဧရိယာများတွင် အခြေအနေသည် ကြီးမားလှကြောင်း ၎င်းက ပြောသည်။

“ဒါက ကင်ဆာလူနာတွေအတွက် ဆေးဝါး လုံးဝ မရှိတော့တာနဲ့ အတူတူပါပဲ။ ဒါက ဆီးချိုရောဂါအတွက် အင်ဆူလင် လုံးဝ မရှိတော့တာ ဒါမှမဟုတ် ကြီးလေးတဲ့ အခက်အခဲတွေ ဖြစ်နေတဲ့ အဓိပ္ပါယ်ပါပဲ။ ခွဲစိတ်ကုသမှု လုပ်ဖို့လည်း မဖြစ်နိုင်ပါဘူး။ ဒါက ပဋိဇီဝဆေးတွေ မရှိတော့တဲ့ အခြေအနေပါပဲ” ဟု ဇယ်လန်စကီးက ပြောခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်က ဝိုင်းရံခံ ဆိပ်ကမ်းမြို့ မာရီယူပိုးလ်ရှိ သားဖွားဆေးရုံတစ်ရုံ တိုက်ခိုက်ခံရပြီး လုံးဝပျက်စီးသလောက် ဖြစ်ခဲ့ရသည့် ဖြစ်စဉ်သည် စစ်ပွဲ၏ ပြစ်တင်ရှုတ်ချမှု အခံရဆုံး လုပ်ရပ်များအနက် တစ်ခု ဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly