ရှန်ဟိုင်းတွင် ဗြောင်ကျကျ ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ လူမှုမီဒီယာပေါ်သို့ ရောက်ရှိလာ

ရှန်ဟိုင်းတွင် ဗြောင်ကျကျ ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ လူမှုမီဒီယာပေါ်သို့ ရောက်ရှိလာ

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအောက်၌ ရှန်ဟိုင်းမြို့ခံများသည် မကြုံစဖူး လျစ်လျူရှုခံရမှု၊ ညှင်းပန်းနှိပ်စက်မှုနှင့်အလွဲသုံးစားမှုများကို ခံစားနေကြရကာ ဗြောင်ကျကျ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဗီဒီယိုများလည်း လူမှုမီဒီယာပေါ် ပေါက်ကြားလာခဲ့သည်။

ကပ်ရောဂါကာကွယ်ခြင်း အယောင်ဆောင်ထားသော ဤလူ့အခွင့်အရေးချိုးဖောက်မှုများသည် ကွန်မြူနစ်တရုတ်စနစ်၏ ရက်စက်ပြီးလူမဆန်သော ရှုထောင့်ကို ဖော်ပြထားသည်။ ၎င်းသည် တရုတ်၏ တင်းကျပ်ပြီး ထိရောက်မှုမရှိသော အုပ်ချုပ်မှုကို ပေါ်လွင်စေကြောင်း အမေရိကန်အခြေစိုက် မဂ္ဂဇင်း National Review က ဖော်ပြသည်။

လူမှုမီဒီယာပေါ် ပေါက်ကြားလာသောဗီဒီယိုများတွင် ကာကွယ်ရေးဝတ်စုံအဖြူဝတ်ထားသူများက ပြည်သူများကို ရိုက်နှက်ခြင်း၊ အဝေးသို့ ခေါ်ဆောင်သွားခြင်း၊ တံခါးများကို ဂဟေဆော်ကာ ဝင်ပေါက်များကို သံဘားများဖြင့် ပိတ်ခြင်းများ ပါဝင်သည်။ ထောင်ပေါင်းများစွာသော ပြည်သူများသည် ယာယီဆောက်ထားသော အသွားအလာကန့်သတ်သည့်စခန်းများတွင် ထိန်းသိမ်းခံထားရသည်။

တရုတ်အစိုးရ၏ ရက်စက်သော ပြုမူဆက်ဆံပုံသည် ပြည်သူများအား နိုင်ငံရေးနှင့် နိုင်ငံသား အခွင့်အရေး များနှင့်စပ်လျဉ်း၍ သတိပြုမိလာစေသည်။ ရှန်ဟိုင်းသာမက တစ်နိုင်ငံလုံးရှိပြည်သူများသည် ၎င်းတို့နှင့် ၎င်းတို့အသိုက်အဝန်းအတွက် ယခုအခါ ဝေဖန်လာကြပြီဖြစ်သည်။

အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ပြည်သူအများသည် ၎င်းတို့အခွင့်အရေးများအတွက် ဆန္ဒပြလာကြပြီး အစိုးရကို ဆန့်ကျင်လာကြသည်။ 'ဧပြီလ အသံ” ဟုအမည်ရသည့် ဗီဒီယိုဖိုင်တွင် ရှန်ဟိုင်းပြည်သူများသည် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအောက်မှ ပြည်သူများ၏ အဆုံးမသတ်နိုင်သော ဒုက္ခများကို ပုံဖော်ခဲ့ကြသည်။

အဆိုပါဗီဒီယိုဖိုင်သည် အွန်လိုင်းတွင် ပျံ့နှံ့သွားပြီး တရုတ်အာဏာပိုင်များက ဆင်ဆာဖြတ်တောက်ခဲ့သည်။ ထို့ပြင် ရှန်ဟိုင်းအခြေစိုက် ရက်ပ်အဆိုတော် အက်စရိုက တရုတ်၏ အာဏာအလွဲသုံးစားလုပ်မှုနှင့် လူ့အသက်ကိုလျစ်လျူရှုမှုတို့ကို ရှုတ်ချရန် “ကျေးကျွန်သစ်” ဟူသော သီချင်းကို ထုတ်လွှင့်ခဲ့သည်။

ရှန်ဟိုင်းမြို့ခံများသည် အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအပေါ် စိုးရိမ်ကာ ဝေဖန်ပြစ်တင်ပြောဆိုလျက် ကိုယ်ထူကိုယ်ထ ထောက်ပံ့ကူညီရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်စီမံမှုကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ကြကာ ဒီမိုကရေစီနှင့်လွတ်လပ်ခွင့်ကို အတိအလင်း တောင်းဆိုလျက် လူထုအာဏာဖီဆန်မှုပြုလုပ်ရန် တိုက်တွန်းခဲ့ကြသည်။

ရှီကျင့်ဖျင်သည် ပြည်သူများ၏ ဆင်းရဲဒုက္ခကို ဂရုမစိုက်ဘဲ ၎င်း၏ ဆန္ဒနှင့်အကျိုးစီးပွားကိုသာ လုပ်ဆောင်နေခဲ့သည်။

ဘိုင်ဒင်အစိုးရအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီ၏ အကြမ်းဖက်မှုကို ရှုတ်ချသင့်ကြောင်းနှင့် ကပ်ရောဂါကာလအတွင်း တရုတ်၌ လူ့အခွင့်ရေးချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ နှုတ်ဆိတ်မနေသင့်ကြောင်း National Review က ဖော်ပြထားသည်။ ကွန်မြူနစ်ပါတီ၏ရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်သွားစေရေး အတွက် ရှန်ဟိုင်းနှင့် တရုတ်ပြည်သူများဘက်က ရပ်တည်ကာ ပြောဆိုကြရန် အမေရိကန်နှင့် နိုင်ငံတကာအသိုက်အဝန်းကိုလည်း တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required