ဟားခါး-ဖလမ်းလမ်းတွင်း စစ်ကောင်စီစစ်ကြောင်း ၃ ရက်ကြာ ကြားဖြတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီ တပ်သား ၂၀ သေဆုံးဟုဆို

ဟားခါး-ဖလမ်းလမ်းတွင်း စစ်ကောင်စီစစ်ကြောင်း ၃ ရက်ကြာ ကြားဖြတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီ တပ်သား ၂၀ သေဆုံးဟုဆို

မေ ၅

ချင်းပြည်နယ်၊ ဟားခါးမြို့မှ ဖလမ်းမြို့ဘက်သို့ ထွက်ခွာလာသော စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သုံးရက်ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်သား ဦးရေ၂၀ သေဆုံးကြောင်း ချင်းအမျိုးသားတပ်မတော် (CNA ) တပ်ဖွဲ့ထံကသိရသည်။

မေလ ၂ရက်နေ့တွင် ဟာခါးမှ ထွက်ခွာလာသော တင့်ကား နှစ်စီး ၊ စစ်ကောင်စီယာဉ် ၂၇စီးနှင့် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းအား မေလ ၃ရက်နေ့မှ စတင်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ မေလ ၅ရက်နေ့အထိ တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ မြေပြင်ကို ရှင်းလင်းရေး မလုပ်ရသေးတော့ စစ်ကောင်စီဘက်က သေဆုံးမှု ကို အတိအကျမပြောနိုင်ပေမယ့် လှမ်းမြင်ရတဲ့ အရေအတွက်ကတော့ အယောက်၂၀လောက်ရှိပြီ။ မိုင်းနင်းမိလို့ ခြောက်ယောက် လဲကျသေဆုံးတာမျိုးတွေအပါအဝင်ပေါ့” ဟု CNA ၏ ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္ဈိမ ကိုပြောသည်။

မေလ ၅ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် ဒေါက်ထစ်ရွာနှင့် ထရမ်လိုရွာအကြားတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် CNA ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ယခင်ရက် တိုက်ပွဲများတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် ရဲဘော်စုစုပေါင်း ခြောက်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိထားကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ဟားခါး - ဖလမ်း လမ်းပေါ်ရှိ ရမ်ထလို ကျေးရွာ မှ လူနေအိမ် ကိုးလုံး ကိုမီးတင်ရှို့ခဲ့ပြီး နေအိမ်အချို့မှ ပစ္စည်းများအားလည်း ထွင်းဖောက်ယူ ဆောင်သွားကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီသည် တလန်ဇာ ကျေးရွာမှ လူနေအိမ် သုံးလုံးကို ထပ်မံမီးရှို့ခဲ့ပြီး ယခုထက်တိုင် မီးလောင်နေဆဲ ဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

“လူနေအိမ်တွေကို မီးရှို့တဲ့အကြောင်းရင်း တစ်ခုက သူ့တို့ တပ်သားတွေရဲ့ အလောင်း တွေကို နီးစပ်တဲ့အိမ်တွေထဲထည့်ပြီး မီးရှို့တာရယ်။ နောက် သူတို့ အထိနာ ပြီဆိုရင် အနီးမှာရှိတဲ့ အိမ်တွေမီးရှို့တာမျိုးလုပ်တာ” ဟု ဆလိုင်းထက်နီကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည့် ခြေလျင်ဖြင့် စစ်ကြောင်းဖြန့်ဆင်းလာပြီး လမ်းဘေး ဝဲယာ ရှိတောင်ကြောများကို တက်ရောက်ရှင်းလင်း၍ ထွက်ခွာလာနေခြင်းဖြစ်သည်။ စစ်ကောင်စီ၏ ကားများပေါ်တွင် ဟားခါးမြို့မှ ကလေးမြို့သို့ ပို့ဆောင်မည့် အချုပ်သား ၁၅ဦးနှင့် အမျိုးသမီးအချို့ပါဝင်နေပြီး ၎င်းတို့ကိုစောင့်ကြပ်သည့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များ ကိုလည်း တွေ့ရှိ ရကြောင်း သိရသည်။

စစ်ကောင်စီ စစ်ကြောင်းနှင့်အတူတူ ပါဝင်လာသည့် အချုပ်သားများတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF အဖွဲ့ဝင်များဟု စွပ်စွဲဖမ်းဆီးခံထားရသူများလည်း ပါဝင်ကြောင်းသိရသည်။

ယခင်အချိန်များတွင် အချုပ်သားများအား ရဟတ်ယာဉ်ဖြင့် သယ်ဆောင်လေ့ရှိသော် လည်း ယခု ကဲ့သို့ အများအပြားအား မြေပြင်(အောက်လမ်း) မှ သယ်ဆောင်ခြင်း သည် ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ အမျိုးသမီးများအပါအဝင် အကျဉ်းသားများအား ခေါ်ဆောင်လာခြင်းမှာ စစ်ကောင်စီသည် ၎င်းတို့အတွက် လူသားဒိုင်းအဖြစ်အသုံးချလို၍ ဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သုံးသပ်ပြောဆိုသည်။

မကြာသေးခင်က ချင်းအမျိုးသားတပ်မတော်သည် စစ်ကောင်စီ၏ ရဟတ်ယာဉ် တစ်စီးအား ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ်အား ထိမှန်၍ ပျက်စီးခဲ့ခြင်းမရှိသော်လည်း ရဟတ်ယာဉ် ထပ်မံ ဆင်းသက်ခြင်း မရှိသလောက် နည်းပါးသည်ဟု သိရသည်။

မဇ္ဈိမက နောက်ဆုံးရရှိထားသည့် သတင်းများအရ စစ်ကောင်စီယာဉ်တန်းသည် တလန်ဇာ ကျေးရွာ အနီးတွင် ဆက်လက်ရှိနေပြီး တိုက်ပွဲများဆက်လက် ဖြစ်ပွားနိုင်သည် ဟု ဒေသများကဆိုသည်။

ဓာတ်ပုံ - မီးရှို့ခံရသည့် တလန်ဇာ ကျေးရွာ

#Mizzima

#ဟားခါး_ဖလမ်းလမ်း

#စစ်ကောင်စီစစ်ကြောင်း

#CNAကြားဖြတ်တိုက်ခိုက်

#၃ရက်ကြာ

#စစ်ကောင်စီ၂၀သေဆုံး

#နေအိမ်များအားမီးရှို့

#အချုပ်သားများ

#ခေါ်ဆောင်လာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required