ရုရှစစ်တပ်၏ အကောင်းဆုံးတပ်ဖွဲ့အချို့ နှစ်များစွာကြာ အားနည်းသွားလိမ့်မည်ဟု ဗြိတိန် ပြော

ရုရှစစ်တပ်၏ အကောင်းဆုံးတပ်ဖွဲ့အချို့ နှစ်များစွာကြာ အားနည်းသွားလိမ့်မည်ဟု ဗြိတိန် ပြော
Photo - AFP

မေ ၅

ယူကရိန်းကို ကျူးကျော်မှုအတွင်း တွေ့ကြုံခံစားခဲ့ရသည့် ထိခိုက်မှုများကြောင့် ရုရှစစ်တပ်၏ အကောင်းဆုံး တပ်ဖွဲ့များအနက် အချို့သည် နှစ်များချီကြာ အားနည်းသွားလိမ့်မည် ဖြစ်ကြောင်း ဗြိတိန်ထောက်လှမ်းရေး၏ ထုတ်ဖော်မှုအရ သိရသည်။

ပဋိပက္ခစစ်ပွဲအတွက် ရုရှတို့ ဖြန့်ကြက်တာဝန်ပေးခဲ့သည့် နည်းဗျူဟာမြောက် တပ်ရင်းအဖွဲ့ ၁၂၀ အနက် လေးပုံ တစ်ပုံကျော်သည် ထိခိုက်ဆုံးရှုံးမှုများနှင့် တွေ့ကြုံပြီး တိုက်ပွဲဝင်ရန် မထိရောက်တော့သည့် အခြေအနေသို့ ရောက်ခဲ့ရကာ ရုရှနိုင်ငံ၏ အကောင်းဆုံး တပ်ဖွဲ့များသည် “အမြင့်ဆုံးလယ်ဗယ်ရှိ တစ်စတစ်စ အားလျော့ ဆုတ်ယုတ်မှု” ကို ထိခိုက်ခံစားထားခဲ့ရသည်ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၂ ရက်အစောပိုင်း၌ တွစ်တာတွင် ရေးခဲ့သည်။ ကျူးကျော်မှု အစပိုင်းတွင် ရုရှတို့ ဖြန့်ကြက်တာဝန်ပေးခဲ့သည့် တပ်ရင်းအဖွဲ့ ၁၂၀ သည် ယင်းနိုင်ငံ၏ မြေပြင်တိုက်ခိုက်ရေး စွမ်းအား၏ ၆၅ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုကြောင်း သိရသည်။

အဆိုပါ သတင်းအရ ရုရှသည် ယင်း၏ ကျူးကျော်စစ်အတွင်း အရှိန်အဟုန် ထိန်းထားနိုင်ရန် အပြင်းအထန် ကြိုးပမ်းထားခဲ့ရသည် ဆိုသည်ကို ထပ်မံ ပြသနေသည့် လက္ခဏာဖြစ်သည်။ ရုရှသည် ယူကရိန်းကို အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် သိမ်းနိုင်လိမ့်မည်ဟု ကနဦးက ကျွမ်းကျင်သူတချို့က ထင်ခဲ့ကြသော်လည်း စစ်ပွဲနှစ်လတာ ကြာပြီးနောက် ယူကရိန်းသည် ရုရှတပ်ဖွဲ့များကို ဆက်လက် ပြန်လည် ခုခံတိုက်ခိုက်နေဆဲဖြစ်သည်။

ဗြိတိန် ဝန်ကြီးဌာနသည် ရုရှ စစ်တပ်၏ လေကြောင်းချီ တပ်ဖွဲ့ VDV ကို အထူးတလည် ညွှန်ပြခဲ့ပြီး အဆိုပါ တပ်ဖွဲ့သည် ဖေဖေါ်ဝါရီလကုန်ပိုင်း ကျူးကျော်မှု စတင်ခဲ့ပြီးနောက် သိသာပေါ်လွင်သော ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်ဟု ပြောခဲ့သည်။ ယင်း၏ ထောက်လှမ်းရေးအချက်အလက်များ ဘယ်လိုဘယ်ပုံ ရခဲ့သလဲ ဆိုသည်ကို ဗြိတိန်ဝန်ကြီးဌာနက ထုတ်ဖော်ရှင်းလင်းခြင်း မပြုခဲ့ပေ။

“သေချာသလောက်ကတော့ ရုရှတို့အနေနဲ့ သူတို့ရဲ့ တပ်ဖွဲ့တွေကို ပြန်လည်ဖွဲ့စည်းဖို့က နှစ်များနဲ့ကြာ အချိန်ယူရပါလိမ့်မယ်” ဟု ဝန်ကြီးဌာနက ရေးခဲ့သည်။

ရုရှသည် ယင်း၏ တပ်ဖွဲ့ဝင် ၂၃,၈၀၀ ကို ဆုံးရှုံးထားခဲ့ရသည်ဟု ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၂ ရက်တွင် ထုတ်ဖော်သည်။ ထို့ပြင် ရုရှ၏ ဆုံးရှုံးမှုများထဲတွင် တင့်ကား ၁,၀၄၈ စီး၊ သံချပ်ကာယာဉ် ၂,၅၁၉ စီး၊ အမြှောက်လက်နက်စနစ် ၄၅၉ ခု ၊ လေယာဉ် ၁၉၄ စင်း နှင့် ခရု(စ်) ဒုံး ၈၄ ခု တို့ ပါဝင်ကြောင်း ယူကရိန်းက စာရင်းပြုစုထားခဲ့သည်။ ရုရှသည် တပ်ဖွဲ့ဝင် ၇,၀၀၀ နှင့် ၁၅,၀၀၀ အကြား ဆုံးရှုံးထားခဲ့ကြောင်း နေတိုးအုပ်စုကလည်း မတ်လကုန်ပိုင်းက ခန့်မှန်းခဲ့သည်။

စစ်ပွဲအတွင်း ယူကရိန်းစစ်သား ၃,၀၀၀ ခန့်အထိ သေဆုံးခဲ့ကြောင်း ယူကရိန်းက ပြောထားသည်ဟု စီအင်န်အင်န်က ဖော်ပြသည်။ သို့သော် ဤကိန်းဂဏန်းများကို သီးခြားလွတ်လပ်စွာ အတည်ပြုထားနိုင်ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly