တူမီးထီကံစမ်းပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့နိုင်မည့် အစီအစဉ်စတင်

တူမီးထီကံစမ်းပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့နိုင်မည့် အစီအစဉ်စတင်

မေ ၄

ချင်းပြည်နယ်ရှိ တော်လှန်ရေး အဖွဲ့များနှင့် လိုအပ်သည့် အဖွဲ့အစည်းများကို ကူညီမည့် တူမီးထီ အစီအစဉ်ကို ယခု မေလအတွင်း စတင်ပြီ ဖြစ်ပြီး တစ်စောင်လျှင် အမေရိကန်ဒေါ်လာ ငါးဒေါ်လာဖြင့် ပြည်တွင်း ၊ ပြည်ပက ကံစမ်းနိုင်ပြီ ဖြစ်ကြောင်း ချင်းရန်ပုံငွေ အဖွဲ့ (Chin Relief Funding Program (CRFP) ) မှ ဆလိုင်းဒိုခါရ်က မဇ္ဈိမကို ပြောသည်။

ယင်းထီကို မေလ ၃၁ ရက်နေ့တွင် ပထမ အကြိမ် ဖွင့်လှစ်မည်ဖြစ်ပြီး ပထမဆု ဒေါ်လာ ၁,၀၀၀၊ ဒုတိယဆု ဒေါ်လာ ၃၀၀၊ တတိယဆု ဒေါ်လာ ၂၅၀၊ စတုတ္ထဆု ဒေါ်လာ ၂၀၀၊ ပဉ္စမဆု ဒေါ်လာ ၁၂၅ ရရှိမည်ဖြစ်သည်။

''ကံစမ်းမဲ ထိုးကြတဲ့ အခြေအနေ ကတော့ နာရီပိုင်း အတွင်းမှာတင် အပြောင်းအလဲ များစွာ ရှိတာကြောင့် အတိအကျ ပြောလို့ မရသေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ရောင်းချဖို့ ပြင်ဆင်ထားတဲ့ တူမီးထီ စောင်ရေ ၁၅၀၀ ကိုတော့ ကုန်အောင် ရောင်းနိုင်မယ်လို့ အပြည့်အဝ ယုံကြည်မှု ရှိပါတယ်။ ငွေပေးချေတဲ့ စနစ်ကို လုံခြုံ စိတ်ချရအောင် ထည့်သွင်း စဉ်းစားထားတာကြောင့် ဒီလအတွင်း စောင်ရေ အနည်းငယ်ကိုသာ စတင် ရောင်းချခြင်းဖြစ်တယ်။ လက်ရှိအချိန်မှာတောင် မှာထားတဲ့ စောင်ရေက ရာဂဏန်းလောက် ရှိပါပြီ။ ''ဟု ဆလိုင်းဒိုခါရ်က ဆိုသည်။

တူမီးထီ Website မှ အလိုအလျောက် ဖွင့်လှစ်သည့် စနစ်ကို အသုံးပြုထားသောကြောင့် ပထမအဆင့် System မှ ထီပေါက်သူများကို အကြောင်းကြားမည် ဖြစ်ကြောင်း ထို့အပြင် CRFP အီးမေးလ်ဖြင့် ၂၄ နာရီ မကျော်ဘဲ အကြောင်းကြားမည် ဖြစ်ကြောင်း ဖုန်းနံပါတ် အမှန်ပေးထားလျှင် ဖုန်းဖြင့် ဆက်သွယ်မည် ဖြစ်ကြောင်း ကံစမ်းမည်ဆိုလျှင် ယုံကြည်စိတ်ချစွာ ပုံမှန် အသုံးပြုသည့် ဆက်သွယ်ရန် အချက်အလက် အသုံးပြုပေးရန်လိုကြောင်း ၎င်းကထပ်မံ ပြောဆိုသည်။

တူမီးထီမှ ရရှိသည့် အကျိုးအမြတ် ၇၀ ရာခိုင်နှုန်းကို ချင်းတော်လှန်ရေး အင်အားစုများနှင့် တော်လှန်ရေးနှင့် ပတ်သက်သည့် အဖွဲ့အစည်းများကို ထောက်ပံ့မည် ဖြစ်ပြီး ၂၅ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ပြန်လည် ပေးအပ်မည် ဖြစ်သည်။ ကျန် ငါးရာခိုင်နှုန်းကို အိုင်တီ နည်းပညာ လုပ်ငန်းများအတွက် အရေးပေါ် ဘဏ္ဍာငွေ အဖြစ် ထားရှိမည် ဖြစ်သည်။

ချင်းပြည် တော်လှန်ရေး အင်အားစုများ အတွက် စနစ်တကျ ရန်ပုံငွေ ရှာဖွေနိုင်မည့် နည်းစနစ် ဖော်ဆောင်လိုခြင်း စုပေါင်းအားဖြင့် ဘဏ္ဍာငွေ ရှာဖွေနိုင်ရေးနှင့် ချင်းတော်လှန်ရေး အင်အားစုများကို ဘဏ္ဍာငွေ အားဖြည့်ပေးလိုသည့် လူတစ်ဦးချင်းစီ အလိုက် အနည်းငယ်စီ ပူးပေါင်းမှုဖြင့် များပြားသော ဘဏ္ဍာငွေ ရှာဖွေရရှိနိုင်ရေး စနစ် ဖန်တီးလိုခြင်း အပြင် ဖက်ဒရယ်နိုင်ငံတွင် ကျင့်သုံးကြသော ဖက်ဒရယ်ထီ( ခေါ်) ပြည်နယ် အခြေပြု ထီလုပ်ငန်း စမ်းသပ် အကောင်အထည် ဖော်လိုခြင်းကြောင့် "တူမီးထီ" ကို လုပ်ဆောင်ခြင်း ဖြစ်သည်။

တူမီးထီ Website မှာ https://chin-lottery.com ဖြစ်ပြီး ဖုန်း Application ကို Android ဖုန်းများတွင် https://chin-lottery.com/apps/tumee.apk မှလည်းကောင်း iphone ဖုန်းတွင် https://tinyurl.com/tumee-safari မှလည်းကောင်း ဒေါင်းလုပ်လုပ်ကာ ထည့်သွင်းနိုင်သည်။

ငွေထည့်သွင်းရန် အတွက် https://tinyurl.com/tumee-deposit မှ သွားရောက်နိုင်ပြီး https://tinyurl.com/tumee-Ticket တွင် ထီလက်မှတ် ဝယ်ယူကံစမ်းနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။

#Mizzima

#တူမီးထီ

#CRFP

#ချင်းတော်လှန်ရေး_အင်အားစု

#ဖက်ဒရယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly