နိုင်ငံရေး ပြိုင်ဆိုင်မှုနှင့် အကျင့်ပျက် ဝန်ကြီးများကြောင့် ပါကစ္စတန်အစိုးရသစ်ကို မတည်မငြိမ် ဖြစ်စေနိုင်

နိုင်ငံရေး ပြိုင်ဆိုင်မှုနှင့် အကျင့်ပျက် ဝန်ကြီးများကြောင့် ပါကစ္စတန်အစိုးရသစ်ကို မတည်မငြိမ် ဖြစ်စေနိုင်

 ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း ရာထူးမှ ဖြုတ်ချခံရပြီးနောက် ဝန်ကြီးချုပ်သစ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သည့် အစိုးရသစ်သည်လည်း နိုင်ငံတွင် မတည်မငြိမ် ဖြစ်မည့်ပုံပေါက်နေပြီး တစ်ချိန်က တစ်ဦးနှင့်တစ်ဦး ရန်ဘက်များဖြစ်ခဲ့ကြသည့် နိုင်ငံရေးပါတီများသည် ခရစ်ကတ်ကစားသမားဟောင်း ခန်းကို ဖြုတ်ချရန် ယခုအခါ အတူတကွ လက်တွဲခဲ့ကြသော်လည်း ၎င်းတို့တွင် အမြင်သဘောထား မတူညီမှုများ ရှိနေသည်။

Islam Khabar သတင်းမီဒီယာ၏ ဖော်ပြချက်အရ ပါကစ္စတန်အစိုးရ၏ မတည်မငြိမ်ဖြစ်နိုင်မှုအတွက် အဓိက အကြောင်းရင်းနှစ်ခု ရှိသည်ဟု ဆိုသည်။

ပထမတစ်ခုက လက်ရှိ အစိုးရသစ်တွင် ပါဝင်လာသည့် ဝန်ကြီးအများအပြားသည် အစွန်းအထင်း အမည်းစက်ရှိထားသူများ ဖြစ်သလို ခြစားမှု၊ အခြားသော ကြီးလေးသည့် စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရသူများ ဖြစ်နေခြင်း ဖြစ်သည်။ ဒုတိယအချက်က လက်ရှိ အဓိက ညွန့်ပေါင်း ပါတနာ
ပါတီနှစ်ခု ဖြစ်သည့် ပါကစ္စတန် ပြည်သူ့ပါတီ (PPP) နှင့် ပါကစ္စတန် မွတ်ဆလင် အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) တို့အကြား ရှိရင်းစွဲ ပြိုင်ဆိုင်မှုပင် ဖြစ်သည်။

PPP ဥက္ကဋ္ဌ ဘီလာဝဲလ် ဘူတို ဇာဒါရီသည် အစိုးရအဖွဲ့နှင့် ကင်းကင်းရှိနေရန် ဆုံးဖြတ်ခဲ့ရာ ယင်းက PPP အနေဖြင့် PML-N ၏ နောက်လိုက်နေရာကနေ နေချင်မည် မဟုတ် ဆိုသည်ကို ပြသနေသည်။ ယင်းက အတ္တမာန ပြိုင်ဆိုင်မှုအတွက် ကြီးမားသည့် အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပြီး ထိုမှတဆင့် တည်ငြိမ်မှု မရှိသော အစိုးရတစ်ရပ်ဆီ ဦးတည်စေနိုင်သည်။

အကျင့်ပျက် ဝန်ကြီးများ စာရင်းတွင် ရှာဘတ်ဇ် ရှာရစ် ကိုယ်တိုင် ပါနေသည်။ ၎င်းသည် အကျင့်ပျက်ခြစားမှု အမှုတစ်ခုတွင် တာဝန်ခံမှုဆိုင်ရာ တရားရုံး၏ စွဲချက်တင်ခြင်းကို ခံခဲ့ရသည်။ 

၎င်းသည် “လိမ်လည်လှည့်ဖျားလျက်” ၊ “မရိုးမဖြောင့်” ဖြင့် တိုင်းပြည့်ဘဏ္ဍာထဲကနေ ပါကစ္စတန်ရူပီး ၁၉၃ သန်းကို ဆုံးရှုံးမှုဖြစ်ထားစေခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

ထို့ပြင် ၎င်း၏ အကိုဖြစ်သူ နာဝက်ဇ် ရှာရစ်သည်လည်း ပနားမား စာတမ်းကိစ္စကြောင့် ရာထူးနေရာနှင့် မအပ်စပ်တော့ဟု ပါကစ္စတန် တရားရုံးချုပ်က ဆုံးဖြတ်ချက်ချမှတ်ခဲ့၍ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးခဲ့ရသည်။ လက်ရှိဘဏ္ဍာရေးဝန်ကြီးသစ် မစ်ဇ်တာ အစ္စမေးလ်သည်လည်း
ကာတာနှင့်အကြား LNG ဓာတ်ငွေ့ရည် တင်သွင်းမှုဆိုင်ရာ ဒေါ်လာ ၁၆ ဘီလီယံတန်ဖိုးရှိ ကန်ထရိုက်တွင် ငွေအလွဲသုံးစားလုပ်မှုဖြင့် ၂၀၁၉ ခုနှစ်က တရားစွဲခံခဲ့ရသည်။

ထို့ပြင် ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးသစ် ရာနာ ဆာနာအူလာ (PML-N) သည်လည်း ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလက မူးယစ်ဆေးနှင့် ဆက်နွယ်သည့် အမှုတစ်ခုဖြင့် တရားရုံးတစ်ခု၏ စွဲချက်တင်ခြင်းကို ခံခဲ့ရပြီး ၎င်းထံတွင် ဘိန်းဖြူ ၁၅ ကီလို နှင့် လက်နက်များ လက်ဝယ်ရှိနေသည်ကို တွေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required