ပါကစ္စတန်နိုင်ငံ ကရာချိမြို့၌ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ပြန်ပေးဆွဲခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားပြီးနောက် ရက်အနည်းငယ်အကြာ ယင်းမြို့၏ ဆော်ဒါဘတ် ဧရိယာကနေ နောက်ထပ် ဆယ်ကျော်သက် မိန်းကလေးတစ်ဦး ထပ်မံ ပျောက်ဆုံးသွားခဲ့ပြန်ကြောင်း Dawn သတင်းစာက ဧပြီ ၂၄ ရက်တွင် ဖော်ပြသည်။
ယခုအခါ ပျောက်ဆုံး မိန်းကလေး၏ မိခင်ဖြစ်သူ၏ တိုင်တန်းမှုအရ မည်သူမည်ဝါ မသိရသော သံသယရှိသူများအပေါ် ပထမ သတင်းပေးတိုင်ကြားချက် (FIR) ဖွင့်လှစ်ထားသည်ဟု ယင်းသတင်းစာက ဖော်ပြသည်။
ပြီးခဲ့သည့် ဧပြီ ၁၆ ရက်က ယင်းမြို့၌ အမှိုက်ပစ်ရန် နေအိမ်ကနေ အပြင်ထွက်လာသည့် မိန်းကလေးငယ်တစ်ဦး ပြန်ပေးဆွဲခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းများက ဖော်ပြသည်။
ရှား ဖိုင်ဆယ် နယ်မြေ အယ်လ် ဖာလာ အသိုင်းအဝိုင်းမှ ဆယ်ကျော်သက် မိန်းကလေးတစ်ဦး မကြာသေးခင်က ပြန်ပေးဆွဲခံရမှုနှင့်ပတ်သက်ပြီး သံသယရှိသူများကို ရှာဖွေဖော်ထုတ်စစ်ဆေးရန် ရဲအဖွဲ့ သုံးဖွဲ့ ဖွဲ့ကာ လုပ်ဆောင်နေကြောင်း ကရာချိမြို့၏ ရဲတပ်ဖွဲ့အကြီးအကဲ ဂူလမ် နာဘီ မီမွန်၏ ပြောကြားချက်ကို Dawn သတင်းစာက ဖော်ပြသည်။
ပါကစ္စတန်၏ ကမ္ဘာလုံးဆိုင်ရာ ကျား၊ မ မညီမျှမှု အညွှန်းကိန်းသည် အချိန်ကြာသည်နှင့်အမျှ ပိုမို ဆိုးဝါးနေခဲ့သည်။ ၂၀၁၇ ခုနှစ်က ယင်းအညွှန်းကိန်း၌ အဆင့် ၁၄၃ တွင် ရပ်တည်ခဲ့သည့် ပါကစ္စတန်သည် ၂၀၁၈ ခုနှစ်တွင် အဆင့် ၁၄၈ သို့ ကျဆင်းသွားခဲ့သည်။