စစ်တပ်ပိုင် အဆောက်အဦး များစွာကို ဆောက်လုပ်ခဲ့သည့် ဧဒင်အုပ်စုကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင်အား စစ်ကောင်စီဖမ်းဆီး

စစ်တပ်ပိုင် အဆောက်အဦး များစွာကို ဆောက်လုပ်ခဲ့သည့် ဧဒင်အုပ်စုကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင်အား စစ်ကောင်စီဖမ်းဆီး

ဧပြီလ ၂၆ ရက်

၁၉၉၁ ခုနှစ်တွင် ဧဒင်အုပ်စု ကုမ္ပဏီလီမိတက် ကိုထူထောင်ခဲ့သည့် မြန်မာနိုင်ငံ၏ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် ဦးချစ်ခိုင်ကို ဧပြီ ၂၅ ရက်နေ့ညက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

ဦးချစ်ခိုင်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးတရားစွဲခံရသော ဒုတိယမြောက်ခရိုနီတစ်ဦးဖြစ်လာသည်။

ဦးချစ်ခိုင်နှင့်အတူ ၎င်း၏ကုမ္ပဏီမှ မန်းနေဂျင်းဒါရိုက်တာ ဦးဝင်းမင်းခိုင်၊ ပြည်ထောင်စုဝန်ကြီးသုံးဦးနှင့် ညွှန်ကြားရေးမှူးချုပ်နှစ်ဦးကို အဂတိလိုက်စားမှုဖြင့်စွပ်စွဲအမှုဖွင့်ထားသည်ဟု သိရသည်။

အရပ်သားအစိုးရလက်ထက် ရှမ်းပြည်နယ်တီကျစ်မြို့တွင် ဆောင်ရွက်ခဲ့သည့် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံအတွက် လိုအပ်သော ကျောက်မီးသွေးထုတ်လုပ်ထုတ်လုပ် ရောင်းချမှုများတွင် အဂတိလိုက်စားမှုပတ်သက်ခဲ့ပြီး နိုင်ငံသို့ပေးဆောင်ရမည့် သတ္တုခွန်ကိစ္စရပ်များလည်းရှိသည်ဟု စစ်ကောင်စီ၏အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်သည်။

သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးဝင်းခိုင်နှင့် ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ဆန်း၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဥိီးသန်းနိုင်ဦးတို့လည်း အမှုဖွင့်ခံထားရခြင်းဖြစ်သည်။

နှစ်အလိုက်သတ်မှတ်ထားသည့် ၂၀၁၈-၂၀၁၉ ခုနှစ်အတွက် ဓာတ်သတ္တုထုတ်လုပ်မှု တစ်တန်ရောင်းစျေးကို ငွေကျပ် ၄၈,၁၀၀ ၊ ၂၀၁၉-၂၀၂၀ ခုနှစ်အထိအတွက် တစ်တန်လျှင် ၅၆,၅၀၀ ကျပ်ပြင်ဆင်ကောက်ခံရမည်ဖြစ်သော်လည်း ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့ ဝန်ကြီးဌာနအစည်းအဝေးဆုံးဖြတ်ချက်အတိုင်း ကျောက်မီးသွေးထုတ်လုပ်မှုတစ်တန်ရောင်းစျေး ကျပ် ၁၂,၀၀၀ နှုန်းအပေါ်တွင်သာ တွက်ချက်ကောက်ခံခဲ့သောကြောင့် ၂၀၁၈ ခုနှစ်မှသည် ၂၀၂၁ ခုနှစ်အထိ နှစ်အလိုက်ထုတ်လုပ်သည့် ကျောက်မီးသွေးတန်ချိန် ၂၃ သိန်းကျော်အတွက် ဓာတ်သတ္တုခွန် ငွေကျပ် သိန်း ၁၉,၀၀၀ ကျော်နှင့် နိုင်ငံတော်ကရရှိမည့် ထုတ်လုပ်မှုအချိုး ၃၀ ရာခိုင်နှုန်းအပေါ် ငွေကျပ်သိန်း ၁၄၀,၀၀၀ ကျော်လျော့နည်းရရှိခဲ့သောကြောင့် စုစုပေါင်း ငွေကျပ်သိန်း ၁၅၉,၀၀၀ ကျော်နစ်နာမှုဖြစ်ခဲ့သည်ဟု အဂတိကော်မရှင်၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဦးချစ်ခိုင်သည် ၁၉၆၉ ခုနှစ်တွင် တပ်မတော်ဘိလပ်မြေစက်ရုံတွင် အလုပ်ဝင်လုပ်ခဲ့ပြီး ၁၉၇၄ အလုပ်သမားအရေးအခင်းဖြစ်ပြီးနောက် အလုပ်ထွက်ခဲ့သည်။

၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံအပြီး ပေါ်ပေါက်လာခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါတီဝင်ဖြစ်ခဲ့သေးကာ ထောင်ဒဏ်ခြောက်လခန့်ကျခံရဖူးသည်။

နိုင်ငံရေးတွင်ပါဝင်ပတ်သက်မှုမရှိတော့သည့်နောက်ပိုင်း ၁၉၉၁ ခုနှစ်တွင် ဧဒင်အုပ်စု ကုမ္ပဏီလီမိတက်ကို ထူထောင်၍ စစ်တပ်နှင့် ပတ်သက်သည့် ဆောက်လုပ်ရေးလုပ်ငန်းများ အများအပြား လုပ်ဆောင်ခဲ့သည့် ဦးချစ်ခိုင်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(အငြိမ်းစား) ၏ အလေးပေးမှု ခံခဲ့ရသူဖြစ်သည်။

ဦးချစ်ခိုင်၏ ဧဒင်အုပ်စု ကုမ္ပဏီလီမိတက်သည် ရဲမွန်တပ်မြို့သစ်တည်ချိန် လက်မှုပညာ သင်ကျောင်း အဆောက်အဦး ကန်ထရိုက်ရရှိခဲ့ရာမှ နယ်စပ်ဒေသကွပ်ကဲရေး စခန်းတွေအထိ ဆောက်လုပ်ခွင့်ရခဲ့သည့် စစ်တပ်၏ လက်စွဲ ကန်ထရိုက်တာ ဖြစ်လာသူတစ်ဦးဖြစ်သည်။

ဧဒင်အုပ်စု ကုမ္ပဏီလီမိတက်သည် မြစ်ကြီးနား၊ စစ်တွေ စစ်တိုင်းရုံး နှစ်ခုကို ဆောက်လုပ်ခွင့် ရရှိရာမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အသိအမှတ်ပြုခြင်းခံခဲ့ရပြီး ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့်၏ လမ်းညွှန်မှုဖြင့် ပင်လုံတက္ကသိုလ်ကို ခုနစ်လအတွင်း အပြီးတည်ဆောက်ခဲ့သူဖြစ်သည်။

ဦးချစ်ခိုင်၏ ဧဒင်အုပ်စု ကုမ္ပဏီလီမိတက်သည် ၂၀၀၇ ခုနှစ်တွင် နေပြည်တော်တွင်ရှိသည့် စစ်တပ်၏ ဆောက်လုပ်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး သမ္မတအိမ်တော်၊ ဇေယျာသီရိဗိမ္မာန် ၊ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် နိုင်ငံတော်ဧည့်ဂေဟာ စသည်တို့ကို ဆောက်လုပ်ပေးခဲ့သည်။

၂၀၀၁ ခုနှစ်တွင် ရှမ်းပြည်တောင်ပိုင်း အေးသာယာဂေါက်ကွင်းအား အငှားရ၍ ဂေါက်ကွင်း resort လုပ်ဆောင်ရာမှာ ဟိုတယ်လုပ်ငန်းလုပ်ငန်းတွင် ပါဝင်လာပြီး စစ်တပ်၏ စေခိုင်းမှုဖြင့် နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်ကို တာဝန်ယူဆောက်လုပ်၍ ဖွင့်လှစ်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဟိုတယ်များ ဆောက်လုပ်ခဲ့ခြင်းကြောင့် ဝေဖန်ခံခဲ့ရသူဖြစ်သည်။

ဦးချစ်ခိုင်သည် ၂၀၀၉ ခုနှစ်တွင် စစ်ခေါင်းဆောင်များ၏ တာဝန်ပေးမှုကြောင့် မြန်မာ့လယ်ယာကဏ္ဍ တွင် တာဝန်ယူခဲ့သည်။ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း (Myanmar Rice Industry Association-MRIA) ကို ၂၀၁၀ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ဦးချစ်ခိုင်သည် MRIA ဥက္ကဋ္ဌဖြစ်လာသည်။

ထို့အပြင် ၂၀၀၉ ခုနှစ်တွင် စစ်ခေါင်းဆောင်များထံသို့ ဘဏ်လုပ်ငန်း လုပ်ဆောင်ခွင့်ပြုရန်အကူအညီတောင်းခဲ့ပြီး ပထမဆုံး ဘဏ်လုပ်ငန်း လုပ်ဆောင်ခွင့် ရသည့် ဘဏ်လေးခုတွင် ဦးချစ်ခိုင်၏ မြန်မာ့ရှေ့ဆောင်ဘဏ် (Myanmar Apex Bank)ပါဝင်သည်။

စစ်ခေါင်းဆောင်များ အာဏာလွှဲပေးပြီး နောက်ပိုင်းတွင် ဦးချစ်ခိုင်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ အပါအဝင် မြန်မာ နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီဆိုင်များနှင့် ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီသိုလှောင်ရုံများ လည်ပတ်သည့် နှင့် Denko Trading တို့ကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယခင်စစ်အစိုးရနှင့်ပုလဲနံပသင့်ကာ အရပ်သားအစိုးရက တိုင်ကွန်းဟုပြောင်းလဲခေါ်ဝေါ်ခဲ့သော လုပ်ငန်းရှင်တစ်ဒါဇင်ခန့်ကို ခေတ္တထိန်းသိမ်းစစ်မေးခဲ့သေးသော်လည်း ဖမ်းဆီးတရားစွဲခံရသူ ပထမဆုံးဖြစ်လာသူမှာ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေနှင့် သားဖြစ်သူ ဦးဇေသီဟတို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly