စိစစ်ဖြတ်တောက်မှုများရှိနေသော်လည်း ရှန်ဟိုင်းတွင် နေထိုင်များက ကိုဗစ်-၁၉ အခြေအနေကို အွန်လိုင်းပေါ် ရင်ဖွင့်

စိစစ်ဖြတ်တောက်မှုများရှိနေသော်လည်း ရှန်ဟိုင်းတွင် နေထိုင်များက ကိုဗစ်-၁၉ အခြေအနေကို အွန်လိုင်းပေါ် ရင်ဖွင့်

တင်းကျပ်သော ပိတ်ဆို့ကန့်သတ်မှုများ၊ ထုတ်လုပ်ရေးကွင်းဆက်များ ပြတ်တောက်ခြင်း၊ စားနပ်ရိက္ခာပြတ်လပ်ခြင်းနှင့် ကိုဗစ်-၁၉ ကူးစက်မှုများမြင့်တက်နေချိန်တွင် ဝေဖန်ပြောဆိုမှုများကို အစိုးရက ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း တရုတ်၏ စီးပွားရေးအချက်အခြာကျသော ရှန်ဟိုင်းမြို့တွင် နေထိုင်သူများသည် အွန်လိုင်းပေါ်တွင် ရင်ဖွင့်နေကြသည်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို လျော့ကျစေရေးအတွက် ရှန်ဟိုင်းမြို့ခံများအနေဖြင့် အိမ်တွင်း၌ပိတ်မိကာ အခြားသူများမှာလည်း ယာယီသီးခြားစင်တာများတွင် နေရပြီး မည်သည့်အချိန်တွင် ပြန်လွှတ်မည်မှာ မသေချာကြောင်း Washington Post ကဖော်ပြသည်။

ကောင်းမွန်သော စောင့်ရှောက်မှုမရခြင်းနှင့် စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် သေဆုံးရသည့် ချစ်ခင်ရင်းနှီး သူများ အကြောင်းကို Weibo နှင့် WeChat တို့တွင် ပို့စ်များတင်ထားကြသည်။
 
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ တရုတ်သုတေသီ ဝမ်ယာချူက “အရင်ကလည်း အကြိမ်ပေါင်းများစွာဖြစ်ခဲ့ဖူးတယ်။ ပွက်လောရိုက်ခဲ့တယ်။ ဒါပေမယ့် အစိုးရက အခြေအနေကိုထိန်းချုပ်လေ့ရှိတယ်” ဟု ဆိုသည်။

“ပို့စ်တစ်ခုက အင်တာနက်မှာ ပျံ့တဲ့အခါ အများအားဖြင့် ညမှာဖြစ်လေ့ရှိတယ်။ အဲဒီအချိန် အကြောင်းအရာ စိစစ်တဲ့သူ နည်းနည်းပဲရှိတယ်။ အဲဒီအချိန်တွေမှာ သတင်းက ဟိုးလေးတကျော်ဖြစ်သွားပြီး နောက်တစ်ရက် မနက် ၈ နာရီလောက်မှာတော့ ဆင်ဆာအဖွဲ့တွေက အင်တာနက်ပေါ်မှာ ရှင်းလင်းပစ်ကြပါတယ်” ဟု ဝေဖန်သောမှတ်ချက်များကို တရုတ်ဆင်ဆာအဖွဲ့က ထိန်းချုပ်ရန် ခက်ခဲပုံကို ဝမ်က ရှင်းပြသည်။

Follower များသော ထင်ရှားသူများသည် ရှန်ဟိုင်းမြို့တော်တွင် အနေများကြသောကြောင့် တရုတ်နိုင်ငံရှိ ကြီးမား၍ ဘဏ္ဍာရေးအချက်အခြာကျသော ရှန်ဟိုင်းတွင် ဆင်ဆာမထိရောက်ခြင်းဖြစ်ကြောင်းနှင့် သတင်းစကားပျံ့နှံ့မှု ပိုမိုလွယ်ကူကြောင်း စီနီယာသုတေသီက မီးမောင်းထိုးပြသည်။

မတ်လက ရှန်ဟိုင်းတွင် ကိုဗစ်-၁၉ ကူးစက်မှု ရုတ်တရက် မြင့်တက်လာပြီးနောက် မြို့တော် အာဏာပိုင်များ သည် မြို့ကြီးတစ်ခုလုံးကို ပိတ်ပစ်လိုက်သည်။

တရုတ်အစိုးရက ကန့်သတ်မှုများကို ဖြေလျှော့နိုင်ရန်အလို့ငှာ မည်သည့်နေရာတွင်မဆို ကိုဗစ်ပျံ့နှံ့မှုကို အပြည့်အဝ ထိန်းချုပ်ကန့်သတ်ရန် သတ်မှတ်ထားသော တင်းကျပ်သည့်“ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ” ကျင့်သုံးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly