တရုတ်နှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အတွက် ထိုင်ဝမ်က ဆော်လမွန်ကျွန်းစုကို သတိပေး

တရုတ်နှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အတွက် ထိုင်ဝမ်က ဆော်လမွန်ကျွန်းစုကို သတိပေး

တရုတ်နှင့် လုံခြုံရေးဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် ထိုင်ဝမ်က ဆော်လမွန်ကျွန်းစု အနေဖြင့် တရုတ်၏ နယ်ရုပ်တစ်ရုပ်မဖြစ်သင့်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၀ရက်တွင် ပြောကြားခဲ့သည်။

တောင်ပစိဖိတ်ကျွန်းစုနိုင်ငံဖြစ်သော ဆော်လမွန်ကျွန်းစု၏ အိမ်နီးချင်းနိုင်ငံများက ဆော်လမွန်ကျွန်းစုတွင် တရုတ်ရေတပ်ကို  အခြေစိုက်စခန်းဖွင့်ခွင့်ပေးမည်ကို စိုးရိမ်နေသည့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု မူဘောင်သဘော တူညီချက်ကို တရုတ်နှင့် ဆော်လမွန်ကျွန်းစုများက ဧပြီ ၁၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

လုံခြုံရေးသဘောတူစာချုပ်သည် သြစတြေးလျမှ ကီလိုမီတာ ၂၀ဝဝ အကွာတွင်ရှိသော ဆော်လမွန်ကျွန်းစုကို ပစိဖိတ်ဒေသတွင် တရုတ်၏ စစ်ရေးတိုးချဲ့မှုအစီအစဉ်အတွက် အခြေစိုက်စခန်းအဖြစ် တရုတ်က အသုံးပြုမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်ဟု Taiwan News သတင်းတွင် ဖော်ပြခဲ့သည်။

"လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်" သည် တရုတ်နိုင်ငံ၏ လုံခြုံရေး၊ ပြည်သူ့ ရဲတပ်ဖွဲနှင့် စစ်ဘက်ဆိုင်ရာတပ်ဖွဲ့များကို စေလွှတ်ရန် ခွင့်ပြုထားပြီး ရေတပ်သင်္ဘောများသည် ထောက်ပံ့ရေး ရည်ရွယ်ချက်အတွက် ဆော်လမွန်ကျွန်းစုများတွင် ဆိုက်ကပ်နိုင်သည်ဟုလည်း အဆိုပါသတင်းတွင် ပါရှိသည်။

ဆော်လမွန် ကျွန်းစုနှင့် တရုတ်တို့အကြား အဆိုပြုထားသည့် လုံခြုံရေးမူဘောင်နှင့် ယင်း၏ "လွတ်လပ် ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသအတွက် ဆိုးရွားသော အန္တရာယ်များ" နှင့် ပတ်သက်၍ စိုးရိမ်ကြောင်း အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နှင့် နယူးဇီလန်တို့မှ တာဝန်ရှိသူများက ဧပြီ ၁၈ရက်တွင် ဖော်ပြခဲ့ကြသည်။

ဩစတြေးလျ၊ ဂျပန်၊ နယူးဇီလန်တို့မှ အကြီးတန်းအရာရှိများနှင့် အမေရိကန်အဆင့်မြင့်အရာရှိများသည် ဟိုနိုလူလူတွင် ဧပြီလ ၁၈ ရက်က ပစိဖိတ်ကျွန်းစုများ ဖြစ်ထွန်းတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲအပြီးတွင် ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးသည် အမေရိကန်၏ အင်ဒို-ပစိဖိတ်ဒေသရှိ မဟာမိတ်များ၊ မိတ်ဖက်များနှင့် ပုံမှန် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယခုသီတင်းပတ်အတွင်း ဟာဝိုင်အီ၊ ဖီဂျီ၊ ပါပူဝါနယူးဂီနီနှင့် ဆော်လမွန်ကျွန်းစုများသို့ ယခုသီတင်းပတ်အတွင်း သွားရောက်ခဲ့သော အကြီးတန်း အုပ်ချုပ်ရေးအဖွဲ့ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly