အာဖဂန် ရုပ်သံအစီအစဉ်တင်ဆက်သူကို ကဘူးလ်မြို့တွင် တာလီဘန်တို့ ဖမ်းဆီး ရိုက်နှက်

By Zee5
25 April 2022
အာဖဂန် ရုပ်သံအစီအစဉ်တင်ဆက်သူကို ကဘူးလ်မြို့တွင် တာလီဘန်တို့ ဖမ်းဆီး ရိုက်နှက်

အာဖဂန်နစ္စတန်နိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ မြင့်တက်နေစဉ် ပြီးခဲ့သည့် ရက်ပိုင်းက ဂျာနယ်လစ်တစ်ဦးကို တာလီဘန်တို့က ကဘူးလ်မြို့၌ ထိန်းသိမ်းပြီး ရိုက်နှက်ခဲ့သည်ဟု သိရသည်။

1TV ချန်နယ်၏ မျက်မှောက်ရေးရာ အစီအစဉ် တင်ဆက်သူ မိုဟစ်ဘူလာ ဂျလီလီကို တာလီဘန်တို့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ ၎င်း ဖမ်းဆီးထိန်းသိမ်းခံရခြင်း၏ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရှိကြောင်း ဂျလီလီက ပြောသည်ဟု Tolo News က ဖော်ပြသည်။ 

မြို့တော် ကဘူးလ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် လက်နက်ကိုင် အမျိုးသားများသည် ဧပြီ ၁၅ ရက် ညပိုင်းက ၎င်း၏ ကားကို တားပြီး ၎င်းကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဂျလီလီက ပြောသည်။ “ကျွန်တော့်ကို ဘာလို့ ဖမ်းတာလဲလို့ မေးတော့ သူတို့က ‘မင်းက ဂျာနယ်လစ်တစ်ယောက်ဆိုတာ ငါတို့ သိထားတယ်။ ဒီတော့ မင်းက ဒီနိုင်ငံကို ဖျက်ဆီးခဲ့တဲ့ လူတွေထဲက တစ်ယောက်ပဲ။ ငါတို့ကို ပြောစမ်း၊ မင်းက ဘယ်နိုင်ငံအတွက် အလုပ်လုပ်ပေးတာလဲ’ လို့ သူတို့က ကျွန်တော့်ကို ပြောပါတယ်” ဟု ဂျလီလီက ပြောသည်။

“ဂျာနယ်လစ်တွေအပေါ် ဒီလိုမျိုး ဆက်ဆံတာကတော့ အင်မတန် ရက်စက်ပါတယ်။ ကျွန်တော့် ဦးလေးက စစ်တပ်ထဲက မဟုတ်သလို ဘယ်သူနဲ့မှလည်း အငြိုးအတေး မရှိပါဘူး” ဟု ဂျလီလီ၏ တူ ဖြစ်သည့် ရှာဖစ်က ပြောသည်။

ယင်းကဲ့သို့ ဒုက္ခပေး နှောင့်ယှက်ခံရမှု သတင်းများကို တုံ့ပြန်သည့်အနေဖြင့် ကဘူးလ်မြို့ ရဲဌာနက ယခုဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးနေသည်ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly