နယ်သာလန်တွင်နေထိုင်သော တရုတ်နိုင်ငံသား၏ တွစ်တာအကောင့်ပိတ်ရန် ဖိအားပေးခံရ

နယ်သာလန်တွင်နေထိုင်သော တရုတ်နိုင်ငံသား၏ တွစ်တာအကောင့်ပိတ်ရန် ဖိအားပေးခံရ

ရုရှားကျူးကျော်မှုအပြီး ယူကရိန်းကို ထောက်ခံမှုအပါအဝင် ဆိုရှယ်မီဒီယာပေါ်၌ ပို့စ်များတင်မှုကြောင့် နယ်သာလန်တွင်နေထိုင်သော တရုတ်နိုင်ငံသားနှင့် တရုတ်ရှိ ၎င်း၏မိသားစုသည် တရုတ်ရဲများ၏ နှောင့်ယှက်မှုကို ခံနေရသည်။

တရုတ်အရှေ့တောင်ပိုင်း ဖူကျီယန်ပြည်နယ် ပင်တန်ကောင်တီမှ ဂေါင်ရောင်ဟွေသည် ၎င်းမိသားစုထံရောက်လာသည့် ပင်တန်ကောင်တီရဲစခန်းမှ ရဲတစ်ဦးနှင့် ဖုန်းပြောသည့်အသံဖိုင်ကို မှတ်တမ်းတင်ထားခဲ့သည်။

ယူကရိန်းကို ထောက်ခံသည်ဟုပြောခဲ့သော ဂေါင်ကို ရဲက “ဆန္ဒပြပွဲမှာ ပါခဲ့သေးလား” ဟု မေးမြန်းခဲ့ပြီး ဂေါင်က “ရင်ပြင်မှာ ဆန္ဒပြပွဲတွေလုပ်တာကို မြင်ခဲ့ပါတယ်” ဟု ဖြေဆိုခဲ့သည်။ “တရုတ်နိုင်ငံသားတွေအနေနဲ့ ဆန္ဒပြတွေမှာ မပါရဘူး။ ခင်ဗျား ပါလို့မရဘူး” ဟု ရဲအရာရှိက ဂေါင်အား ထပ်တလဲလဲပြောခဲ့သည်။

‌RF‌A သို့ ပေးသော နောက်အသံဖိုင်တစ်ခုတွင် “တွစ်တာပေါ်မှာ တုံ့ပြန်မှတ်ချက်တွေ ရေးသေးလား။ အင်တာနက်က ကျယ်ပြန့်တယ်။ မင်း နိုင်ငံခြားမှာရောက်နေလို့ မင်းလုပ်နေတာတွေကို တရုတ်နိုင်ငံက မသိဘူးလို့ မထင်နဲ့။ ငါတို့အားလုံးသိတယ်။ နားလည်လား” ဟု ရဲအရာရှိက ဂေါင်အား သတိပေးခဲ့သည်။

ထို့နောက် ရဲအရာရှိက အွန်လိုင်းနှင့်တွစ်တာပေါ်ရှိ ရေးထားသမျှအားလုံးဖျက်ပစ်ရန် ဂေါင်အား ညွှန်ကြားခဲ့သည်။

“အဲဒါတွေ ချက်ချင်းဖျက်ပစ်ရမယ်။ အဲဒီပို့စ်တွေ ငါတို့မမြင်ခဲ့သလို ဟန်ဆောင်ပေးမယ်။ အားလုံးခွင့်လွှတ်ပေးမယ်။ နိုင်ငံရေးရပ်တည်ချက်နဲ့ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာဖြစ်လာရင် မင်းရဲ့မိသားစု၊ ကလေးတွေရှိမယ်ဆို သူတို့သွားတဲ့ကျောင်းတွေနဲ့ မင်းလုပ်ချင်သမျှဘာမဆိုအပေါ် သက်ရောက်မှု ရှိလိမ့်မယ်။ နိုင်ငံရေးက နက်နဲကျယ်ပြန့်တယ်” ဟု ရဲအရာရှိက ခြိမ်းခြောက်ခဲ့သည်။ ရဲနှင့်ဖုန်းပြောဆိုပြီးနောက် ဂေါင်သည် ၎င်း၏တွစ်တာအကောင့်ကို ပိတ်ပစ်ခဲ့ကြောင်း RFA သို့ ပြောပြသည်။ 

“ကျွန်တော် အခုချိန်မှာ စိတ်ရှုပ်ထွေးနေပြီး အကူအညီမဲ့နေတယ်လို့ ခံစားရတယ်။ နယ်သာလန်မှာ ရောက်နေတာတောင်မှ တရုတ်ကွန်မြူနစ်ပါ တီကြောင့် ကျွန်တော့်ရဲ့လွတ်လပ်ခွင့် ဆုံးရှုံးနေတယ်လို့ ခံစားရတယ်” ဟု ဂေါင်က ဆိုသည်။

လူမှုဆက်သွယ်ရေးမီဒီယာပို့စ်များကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်တွင် ရဲများက ဂေါင်၏ မိသားစုအိမ်ကို ဝင်ရောက်စီးနင်းကာ စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်ခံရပြီးနောက် ဂေါင်သည် တရုတ်နိုင်ငံမှ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly