တရုတ်စစ်တပ်၏ဝါဒဖြန့်ဗီဒီယိုတွင် တတိယမြောက်လေယာဉ်တင်သင်္ဘောအကြောင်း အရိပ်အမြွက် ဖော်ပြ 

တရုတ်စစ်တပ်၏ဝါဒဖြန့်ဗီဒီယိုတွင် တတိယမြောက်လေယာဉ်တင်သင်္ဘောအကြောင်း အရိပ်အမြွက် ဖော်ပြ 

တရုတ်စစ်တပ် (PLA) ၏ စစ်ရေးဝါဒဖြန့်ဗီဒီယိုအသစ်တစ်ခုတွင် တတိယမြောက် လေယာဉ်တင်သင်္ဘောကို မကြာမီ တပ်တော်သွင်းနိုင်သည်ဟု Global Times နှင့် ကျွမ်းကျင်ပညာရှင်များက ပြောသည်။

PLA ရေတပ်နိုင်ငံရေးဗျူရိုနှင့် စစ်တပ်အသံလွှင့်ဌာနမှ ထုတ်လုပ်သည့် ၆ မိနစ်ကြာ ဗီဒီယိုဖိုင်တစ်ခုကို ဧပြီ ၂၂ ရက်က ထုတ်လွှင့်ခဲ့ရာတွင် တရုတ်၏ လေယာဉ်တင်သင်္ဘောအစီအစဉ်နှင့် PLA သင်္ဘောများနှင့် ဝန်ထမ်းများ မည်သို့လုပ်ငန်းလည်ပတ်ပုံတို့ကို တစေ့တစောင်း ရိုက်ပြထားသည်။

တရုတ်နိုင်ငံတွင် လျောင်နင်နှင့် ရှန်တုံးဟု အမည်ရသည့် လေယာဉ်တင်သင်္ဘော ၂ စီးရှိပြီး တတိယမြောက်တစ်စီးကို တည်ဆောက်နေကာ ဝါဒဖြန့်ဗီဒီယိုက ၎င်းသင်္ဘော တပ်တော်သွင်းခါနီး ပြီဖြစ်ကြောင်း အရိပ်အမြွက်ဖော်ပြခဲ့သည်။

ဧပြီ ၂၃ ၌ကျရောက်သည့် တရုတ်ရေတပ်နေ့အတွက် အချိန်ကိုက်ရိုက်ကူးထားသော ဗီဒီယို၏အဆုံးတွင် ရေတပ်အရာရှိတစ်ဦးက မိခင်နှင့်ဖုန်းပြောနေကာ မိခင်က တတိယမြောက် ကလေးယူရန် သားဖြစ်သူအား တိုက်တွန်းနေပြီး သားဖြစ်သူက “စီစဉ်နေပါတယ်” ဟု ပြန်ပြောနေပုံကို ရိုက်ကူးထားသည်။

ထို့နောက် ကင်မရာမြင်ကွင်းသည် ပထမ လေယာဉ်တင်သင်္ဘော ၂စီးကို ရည်ညွှန်းဟန်ရှိသည့် လေယာဉ်ရပ်နားရာသင်္ဘောကုန်းပတ် ဓာတ်ပုံ ၂ ပုံကို ပြသခဲ့ပြီး အပိတ်စာတန်းထိုးကာ ပြီးဆုံးသွားခဲ့သည်။

အစိုးရပိုင် သတင်းစာ Global Times က “ဒါဟာ နိုင်ငံရဲ့ တတိယမြောက် လေယာဉ်တင်သင်္ဘော မကြာခင် မိတ်ဆက်တော့မယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြသလိုက်တာပါ''ဟု ရေးသားထားသည်။

တတိယမြောက် လေယာဉ်တင်သင်္ဘော Type 003 သည် ၂၀၂၂ ခုနှစ် နှစ်ဝက်တွင် တပ်တော်ဝင်နိုင်ကြောင်း တရုတ်စစ်ရေးကျွမ်းကျင်သူနှင့်ဝေဖန်သုံးသပ်သူ ဆောင်ကျောင်ပင်း၏ ပြောကြားချက်ကို Global Times ကဖော်ပြခဲ့သည်။

အဆိုပါသင်္ဘောသည် တရုတ်အရှေ့ပိုင်းပြည်နယ်အမည်ကို ယူ၍ “ကျန်းစု” ဟု အမည်ပေးနိုင်ကြောင်း သတင်းစာ၌ဖော်ပြထားသည်။ 

အမေရိကန်ရေတပ်ထောက်လှမ်းရေးရုံး၏အဆိုအရ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ရေတပ်သင်္ဘောစု ပိုင်ဆိုင်ထားသော်လည်း အမေရိကန်တွင် လေယာဉ်တင်သင်္ဘော ၁၁ စီးရှိကာ တရုတ်တွင် ၂ စီးသာရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly