အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌအဖြစ် NLD ကလျာထားသူဦးအေးသာအောင်နှင့်တွေ့ဆုံခြင်း

အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌအဖြစ် NLD ကလျာထားသူဦးအေးသာအောင်နှင့်တွေ့ဆုံခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀။          ။အမျိုးသားလွှတ်တော် ဒု-ဥက္ကဋ္ဌအဖြစ်ခန့်အပ်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လျာထားသူ ဦးအေးသာအောင်နှင့် မဇ္ဈိမက လွှတ်တော်ရေးရာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ရခိုင်အမျိုးသားပါတီအရေး စသည့်အကြောင်းအရာများအပေါ် သုံးသပ်မေးမြန်းထားမှုကို ဖော်ပြလိုက်သည်။

 

ရခိုင်အမျိုးသား ဦးအေးသာအောင်ကို ၁၉၄၅ ခုနှစ်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး၊ အင်္ဂလိပ်အထက်တန်းကျောင်း အောင်မြင်ခဲ့ပြီးနောက်ပိုင်း ၁၉၇၀ခုနှစ်တွင် နိုင်ငံရေးနယ်ပယ်အတွင်း ဝင်ရောက်ခဲ့သူလည်းဖြစ်သည်။ လက်ရှိ အချိန်ထိ ကျန်းမာစွာနေထိုင်နေသူလည်းဖြစ်သည်။

 

"တိုင်းရင်း သားအရေးကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်တွေကို လက်တွေ့အကောင် အထည် ဖော်နိုင်မှ အမျိုးသားရင်ကြားစေ့ရေးကို အကောင်အထည်ဖော်ရာရောက်မယ်လို့ ပြောချင်ပါတယ်။…………………"

မေး။     ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒု-ဥက္ကဋ္ဌအဖြစ်လျာထားတယ်ဆိုတဲ့အပေါ် အန်ကယ့်သဘောထားနဲ့။ လက်ခံတာ၊ လက်မခံတာများရှိလားခင်ဗျ။

အဲဒီကိစ္စနဲ့ပက်သက်ပြီးတော့ ပြီးခဲ့တဲ့တနေ့ကမှ ဦးတဝင်းထိန်က သူတို့ပါတီရဲ့သဘောထားကို အန်ကယ် ကိုပြောတယ်။ လွှတ်တော်ရဲ့ ဥပဒေ၊နည်းဥပဒေတွေအရက လွှတ်တော်ထဲရောက်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ကိုဖြစ်ဖြစ် ရွေးချယ်ဖို့မဲခွဲဆုံးဖြတ်ရတယ်။ အဲဒီတော့ အခုကအတည်မဟုတ်ဘူးလေ။ အခုကသဘောထားပဲ ဖြစ်တယ်။ လွှတ်တော်တွင်းမဲခွဲတဲ့အခါကျမှ ဘယ်လိုဖြစ်မလဲဆိုတာကို မသိဘူးလေ။ လက်ခံတာလက်မခံတာ မဆိုင်ဘူး။ လွှတ်တော်ထဲရောက်မှ ဒီကိစ္စနဲ့ပက်သက်ပြီး ဘယ်လိုဖြစ်မလဲဆိုတာကို အခုမသိသေးဘူး။

မေး။     ။အန်ကယ့်ကိစ္စနဲ့ပက်သက်ပြီး ရခိုင်အမျိုးသားပါတီကသိတာမရှိဘူးတို့၊ ဖေဖော်ဝါရီ ၆ရက်မှ အန်ကယ့် ကိစ္စကို ဆုံးဖြတ်မှာတို့ပြောနေတာရှိတယ် အခုကိစ္စနဲ့ပက်သက်ပြီး ပါတီအတွင်း စိတ်ဝမ်းကွဲမှုတွေရှိနေတာလား။ အဲဒီအပေါ်အန်ကယ့်သဘောထားကကောဘယ်လိုရှိလဲ။

အန်ကယ့်ဘက်ကတော့ အဲဒီလိုမထင်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဆိုတာ ကိုယ့်သဘောနဲ့ ကိုတင်ခဲ့တာမဟုတ်ပါဘူး။ ပြည်သူတွေကတင်မြှောက်ရွေးချယ်ခဲ့တာပါ။ အဲဒီလိုရွေးချယ်ပြီဆိုရင် ပြည်သူတွေ ရဲ့ဆန္ဒကိုလုပ်ဆောင်ပေးရပါမယ်။ အဲဒီလိုရွေးချယ်ပြီးသွားရင် လွှတ်တော်အတွင်းမှာ ခုနပြောသလို ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ အမြဲတမ်းကော်မတီ ၄ရပ်အဲလိုရှိကြတယ်။ အဲဒီလိုနေရာတွေမှာ ပါတီကပေးသည်ဖြစ်ဖြစ် တစ်ခြား သူတွေကရွေးချယ်ပေးတယ်ဖြစ်ဖြစ်တာဝန်ယူရပါတယ်။ ပထမဆုံးပြည်သူတွေကရွေးလို့ ကိုယ်စားလှယ်ဖြစ်ပြီ၊ နောက်ထပ်ကိုယ်စားလှယ်တွေက ရွေးချယ်မယ်ဆိုရင်လည်း အဲဒီလိုနေရာတွေမှာတာဝန်ယူရတယ်။ ဒါကလည်း ပြည်သူတွေကဆန္ဒနဲ့ရွေးတာနဲ့အတူတူပါပဲ။ အဲဒီလိုတာဝန်တွေကိုထမ်းဆောင်ရင် ကိုယ်စားလှယ် တွေက ဘယ်တာဝန်ကိုထမ်းဆောင်သည်ဖြစ်စေ ကိုယ့်ပါတီမူဝါဒ တိုင်းရင်းသားအရေး၊ ဒီမိုကရေစီ၊ ပြည်ထောင်စုအရေး၊ ငြိမ်းချမ်းရေး ဒါတွေနဲ့ပက်သက်လာရင်လည်း အဓိကတော့ ဖွဲ့စည်းပုံပြင်ရေးက အဓိကကျ ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ဖို့ ဆိုရင် ၂၀၀၈ဖွဲ့စည်းပုံပြင်ရေးက အဓိကကျပါတယ်။ ဒါပေမယ့်ပြီးခဲ့တဲ့လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ အခုလွှတ်တော်ကျရင်လည်း အောင်မြင်မလားဆိုရင်အတားအဆီးတွေရှိနေဦးမယ်။ ဘာဖြစ်ဖြစ် ဒါတွေကို ပြင်ဖို့အတွက် ပြည်သူ့ကိုယ်စားကြိုးစားရမယ်။ ဒါပေမယ့်အဓိကလုပ်နိုင်မယ်လို့ထင်တာကတော့ ပြည်သူတွေကို အကျိုးမရှိမယ့်၊ ထိန်းချုပ်တဲ့ဥပဒေတွေကိုပယ်ဖျက်ရမယ်။ နောက်တစ်ခုက ပြည်သူတွေအတွက်အကာအကွယ် ပေးမယ့် အုပ်ချုပ်ရေးဥပေဒေတွေလိုမျိုးကို ပြဋ္ဌာန်းပေးရမယ်။

မေး။     ။NLD က ရွေးကောက်ပွဲမနိုင်ခင်ကတည်းက စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ကို ဖော်ဆောင်မယ်လို့ ကြွေးကြော်ထား တာ။ အဲဒီတော့ အန်ကယ်တို့ ဥက္ကဌ၊ ဒုဥက္ကဌတွေဆိုတာကိုမေ့လိုက်ပြီး လာမယ့်လွှတ်တော် အခင်းအကျင်းက ဘယ်လိုဖြစ်သင့်တယ်လို့ထင်လည်း။

အဓိကတော့ခုနကပြောတဲ့ ၂၀၀၈ဖွဲ့စည်းပုံကိုပြင်မှ ပြည်တွင်းငြိမ်းချမ်းမယ်။ ပြည်တွင်းငြိမ်းချမ်းရေးကိုဖော် ဆောင်မယ်။ တိုင်းရင်းသားများနဲ့ သဟဇာတဖြစ်ဖို့ဖက်ဒရယ်စနစ်ကို ထူထောင်ဖို့လိုမယ်။ ဒါပေမယ့် NLD က ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုထူထောင်ဖို့ မျှော်မှန်းထားပေမယ့် လက်တွေ့မှာ ဘယ်လောက်အထိလုပ် မလဲ၊ ဘယ်လောက်အထိ ထိုးဖောက်မလဲ၊ ဘယ်လောက်အထိချုပ်ကိုင်မလဲဆိုတာကို စောင့်ကြည့်ရမယ်။ တစ်ဖက်မှာလည်း NLD အစိုးရဖြစ်လာတဲ့အခါမှာ ပြည်သူအကျိုးကိုဘယ်လောက်အထိလုပ်မလဲဆိုတာကို လွှတ်တော်ကနေ စောင့်ကြည့်ရမယ်။ ဒါကကိုယ်စားလှယ်တစ်ယောက်အနေနဲ့စောင့်ကြည်ရမယ်။ တစ်ခါတစ်ခါ ပြောပေမယ့်ပြောတဲ့အတိုင်းလည်း ဖြစ်ချင်မှဖြစ်တာပေါ့။ အဲဒီအတွက်စောင့်ကြည့်ရမယ်။ ပြောရမယ့်တာဝန် တွေလည်းရှိပါတယ်။

မေး။     ။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးက NLD ကော၊ တိုင်းရင်းသားတွေအားလုံးကောအဖြစ်ချင်ဆုံးဆန္ဒပဲ။ ဒါပေမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အဓိကအကျဆုံးက ပုဒ်မ ၄၃၆ပဲ၊ အဲဒါကိုပြင်ဆင်ဖို့အတွက်ကျတော့ တစ်ချို့ အရာတွေက တပ်ပါမှပြင်လို့ရမှာတွေရှိတယ်။ NLD ဥက္ကဌကလည်း တပ်ချုပ်၊ တပ်ချုပ်ဟောင်းတွေနဲ့ ရွေးကောက်ပွဲအပြီးကော၊ မပြီးခင်ကကော တွေ့ထားတာတွေရှိတော့ အန်ကယ်တို့ကြိုးစားမယ့် ဖွဲ့စည်းပုံရယ် အဲဒီ ၄၃၆ပြင်ဆင်ရေး၊ တပ်ပါဝင်မှုအခြေအနေပြင်ဆင်ရေးက အခက် အခဲ၊ အကန့်အသတ်တွေ ဖြစ်လာနိုင်လား။

အခုရွေးကောက်ပွဲမှာ NLD ကအပြတ်အသတ်နိုင်တယ်။ ဒါပေမယ့် တိုင်းပြည်မှာအမျိုးသားသွေးစည်းညီညွတ်မှု ပြိုပျက်နေတာကြာပြီ။ ဒီတော့တိုင်းပြည်တစ်ခုကိုပြန်လည်ထူထောင်ဖို့ဆိုရင် ရွေးကောက်ပွဲရလာဒ်တစ်ခုတည်း အကောင်အထည်ဖော်လို့မပြီးဘူး။ အမျိုးသားရင်ကြားစေ့ရေးကိုအခြေခံပြီး ဆွေးနွေးညှိနှိုင်းဖြေရှင်းဖို့လိုမယ်။ ဒါကြောင့်လည်းပဲ သမ္မတ၊ ကာချုပ်အပြင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနဲ့လည်းတွေ့တယ်။ တွေ့တဲ့ အခါမှာကောင်းမွန်တဲ့ သတင်းတွေ၊ ရလာဒ်တွေကိုကြားရတယ်။ ဒါကကောင်းပါတယ်။ ဒါပေမယ့် ကြားရ သလောက် ၂၀၀၈ဖွဲ့စည်းပုံပြင်ရေးမှာ ချောချောမောမောဖြစ်မယ်လို့တော့ ပြောလို့ခက်ပါတယ်။ ဒါကလည်း အကန့်အသတ်တွေ၊ အခက်အခဲတွေရှိဦးမယ်လို့ ပြောချင်ပါတယ်။

မေး။     ။အခုလွှတ်တော်ဥက္ကဌတွေ၊ ဒုဥက္ကဌတွေအဖြစ် လျာထားပြီပေါ့။ တစ်ကယ်လို့ အဲဒီလိုရာထူးတွေမှာ ခန့်အပ်ခံခဲ့ရပြီ ဆိုရင် အန်ကယ်တို့က NLD ပါတီမူဝါဒတွေအတိုင်းလုပ်ရမှာလည်း ဒါမှမဟုတ် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြောင့် တိုင်းရင်းသားတွေကိုနေရာပေးတယ်ဆိုတော့ ကိုယ်ပိုင် သဘောထားတွေနဲ့ လွတ်လွတ်လပ်လပ်ဆောင် ရွက်ခွင့်ရှိမှာလား။ အဲဒါကိုကော NLD နဲ့ဘယ်လိုဆွေးနွေးထားလဲ။

NLDကတော့ဆွေးနွေးဖို့လိုမယ်မထင်ပါဘူး။ အန်ကယ်အနေနဲ့လည်းမရှိပါဘူး။ အန်ကယ်ကနိုင်ငံရေးနယ်ပယ် ထဲမှာ ဘယ်သူ့နှာခေါင်းနဲ့မှ အသက်ရှုတာမဟုတ်ဘူး။ ကိုယ်ပိုင်ယုံကြည်ချက်၊ ကိုယ်ပိုင်ခံယူချက်ရှိပါတယ်။ နိုင်ငံရေးနယ်ပယ်ထဲမှာ မည်သည့်ရာထူး၊ နေရာကိုမှရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး။ ရခိုင်အမျိုးသားတွေရဲ့ နိမ့်ကျနေတဲ့ စီးပွားရေး၊ ပညာရေးတွေကို တည်ဆောက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်တာပါ။ ရခိုင်အမျိုးသား ပါတီရဲ့အဓိကရည်ရွယ်ချက်နှစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားအကျိုးစီးပွားက ပထမ၊ နောက်တစ်ခုက ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိတဲ့ အမျိုးသားပြည်နယ်များနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်မယ်ဆိုတဲ့ ဒီမူဝါဒတွေက အမြဲသတ်မှတ်ထားတဲ့ မူဝါဒတွေပါ။ ဒါတွေကဘယ်တော့မှသွေဖယ်မသွားပါဘူး။ လွှတ်တော်ထဲမှာလည်း ဘယ်ပါတီရဲ့ မူဝါဒမှမပေါက်ဘူး။ ပါတီတွေကအမျိုးမျိုးသုံးသပ်ဝေဖန်ကျတယ်။ ဒုသမ္မတဖြစ်ရမယ်၊ ဥက္ကဌ၊ ဒုဥက္ကဋ္ဌဖြစ်ရမယ်လို့သုံးသပ်ကြတယ်။ အဲဒါကလည်း နှစ်ပေါင်းများစွာဖြတ်သန်းလာတဲ့ နိုင်ငံရေးလမ်း စဉ်မှာ အားလုံးက သဘောပေါက်ကြတယ်။ ယုံကြည်ကြတယ်။ စကားစကားပြောပါများ စကားထဲကဇာတိပြဆိုတဲ့ အတိုင်းပါပဲ။ လွှတ်တေ်ာထဲမှာလည်း ယုံကြည်လို့အန်ကယ့်ကိုနေရာပေးမယ်ဆိုရင်လည်း ပြည်သူတွေက နောက်ထပ်တာဝန်ပေးတယ်လို့သဘောထားပြီး အန်ကယ့်ပြည်သူ့ပေါ်ထားတဲ့သဘောထားတွေက ဘယ်အချိန်၊ ဘယ်နေရာရောက်ရောက်မပြောင်းပါဘူး။

မေး။     ။လွှတ်တော်မှာတိုင်းရင်းသားတွေကို အကြီးအမှူးတွေအဖြစ်ခန့်မယ်ဆိုတာကို ထောက်ရှု့လို့ရပြီ။ ပြည်ထောင်စု အစိုးရဖွဲ့ရင်ရော အမျိုးသားရင်ကြားစေ့ရေးကိုထောက်ရှု့ြ့ပီးဘယ်လိုဖြစ်သင့်တယ်လို့ထင်လဲ။

အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်ထောင်စုအစိုးရကိုဖွဲ့မယ်ဆိုရင် သမ္မတကခန့်လို့ရတဲ့ ဝန်ကြီးနေရာတွေမှာ တိုင်းရင်းသားတွေကို ခန့်အပ်သင့်တယ်။ ပါလာလိမ့်မယ်လို့ မျှော်လင့်တယ်။ လွှတ်တော်နဲ့တော့မတူဘူးပေါ့။ အမျိုးသားရင်ကြားစေ့ရေးလို့ပြောနေကြတဲ့အပေါ်မှာလည်း ဘာကြောင့်ဒီလိုပြောရတာလဲ၊ လွတ်လပ်ရေး ရပြီးကတည်းက အမျိုးသားရင်ကြားစေ့ရေး လုံးဝကွယ်ပျောက်ခဲ့တယ်။ ဒါကိုကြိုးပမ်းဆောင်ရွက်ဖို့လိုပါတယ်။ ဒါကိုကြိုးပမ်းတဲ့နေရာမှာ လွှတ်တော်မှာ ကရင်အမျိုးသား၊ ရခိုင်၊ ကချင်ခန့်အပ်ရုံနဲ့ ပါရုံနဲ့မပြီးပါဘူး။ အစိုးရအဖွဲ့ ထဲမှာလည်း အလားတူပါရုံနဲ့မပြီးပါဘူး။ တစ်ကယ့်တိုင်းရင်းသားအရေးကို ဖော်ဆောင်တဲ့အနေရာမှာ တိုင်းရင်း သားအရေးကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်မှ အမျိုးသားရင်ကြားစေ့ရေးကို အကောင်အထည်ဖော်ရာရောက်မယ်လို့ ပြောချင်ပါတယ်။

မေး။     ။ရခိုင်ပြည်နယ်အစိုးရဖွဲ့ရေးမှာ ရခိုင်အမျိုးသားပါတီကလည်း ပြည်နယ်အစိုးရကို ဦးဆောင်ချင်တယ်။ ပြည်နယ် လွှတ်တော်ရဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနေရာကိုလည်း ဦးဆောင်ချင်တယ်ဆိုတော့ အန်ကယ့်အနေနဲ့ကော ဘယ်လို သဘောထားရှိလဲ၊ ရခိုင်အမျိုးသားတွေဦးဆောင်ဖို့ရယ် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဖက်ဒရယ်ကို အမှန်တစ်ကယ်ဖော်ဆောင်မယ့် အစိုးရနဲ့ ပူးပေါင်းဖော်ဆောင်မှာရယ် ဘယ်လိုဖြစ်သင့်တယ်ထင်လဲ။

ပြည်နယ်လွှတ်တော်မှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ကို ရခိုင်အမျိုးသားပါတီကလုပ်မယ်လို့ထင်မှာတယ်။ အစိုးရအဖွဲ့ကျ တော့ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲဝင်တဲ့နေရာမှာ ရခိုင်အမျိုးသားပါတီကအစိုးရဖွဲ့မယ်လို့ ရည်ရွယ်ခဲ့တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်ကိုသမ္မတက ခန့်ရတယ်။ ဝန်ကြီးများကိုတော့ ဝန်ကြီးချုပ်ကစာရင်းပေးပြီး ခန့်ရတယ်။ အဲဒါကြောင့် ဘယ်လိုဖြစ်မယ်ဆိုတာကိုပြောဖို့ခက်တယ်။ ဒီလိုပြဿနာမျိုးက ပါလီမန်ဒီမိုကရေစီ ခေတ်မှာလည်း ဖြစ်ခဲ့ဘူးတယ်။ ပြည်နယ်ကရွေးချယ်လိုက်သူကို ဝန်ကြီးချုပ်ကသဘောမတူခဲ့လို့ ဟိုတုန်း ကတော့ ပြည်နယ်တွေနဲ့ ပြည်ပပြဿနာတက်တယ်။ အဲဒီလိုပြဿနာတက်လို့ ဒါက ၄၇ဖွဲ့စည်းပုံကြောင့်ဖြစ် လို့အဲဒါကိုပြင်ပြီး ဖက်ဒရယ်ကို ဖက်ဒရယ်စနစ်နဲ့လုပ်ဖို့တိုင်းရင်းသားလူမျိုးပေါင်းစုံကတင်ပြခဲ့တဲ့ ဖက်ဒရယ်မူ ဆိုတာရှိခဲ့တယ်။ အခုလည်းပဲရခိုင်အမျိုးသားတွေကခန့်အပ်နိုင်တယ်။ ကိုယ့်ပြည်နယ်ကိုယ်အုပ်ချုပ်ခွင့်ရဖို့ ကြိုးစားတယ်။ ဒါကကောင်းပါတယ်။ ဒါပေမယ့်ဖွဲ့စည်းပုံမှာရှိနေတာတစ်ခုဖြစ်နေတယ်။ ဒါကြောင့်ဖွဲ့စည်းပုံက မပြင်မဖြစ်၊ ပြင်ဖို့လိုအပ်နေပါတယ်။

မေး။     ။အန်ကယ်တို့ပါတီမှာကော အခုနောက်ပိုင်းထုတ်ပြန်ချက်တွေနဲ့ပက်သက်ပြီး အရင်နှစ်ပါတီပေါင်းခဲ့တဲ့ အစုအဖွဲ့ ၂ခုက ကွဲနေသလိုဖြစ်နေတယ်။ စီအီးစီ မှာလည်း အရင် အန်ကယ်တို့ ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၇ဦး ပဲပါတော့ ဆုံးဖြတ်ချက်တွေကအရင် RNDP ရခိုင်အမျိုးသားတိုးတက်ရေးပါတီ သဘောထား တွေလိုပဲ ဖြစ်နေတယ်လို့ ပြောတာရှိတယ်။ အဲဒီတော့ အန်ကယ့်အနေနဲ့ကော နောက်ပါတီသစ်တစ်ခုနဲ့ ရခိုင်အမျိုးသား အကျိုးစီးပွားကိုဖော်ဆောင်ဖို့ရှိလား။

အဲဒီလိုတော့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန်ကယ်ကအမျိုးသားညီညွတ်ရေးမဖြစ်မနေလုပ်ဖို့ရှိတယ်။ ဘယ်လိုပဲသဘောထားတွေကွဲကွဲ၊ ဘယ်လိုပဲပါတီအတွင်းမှာပြဿနာတွေပဲရှိရှိ၊ သဘောထားကွဲလွဲမှုတွေက အနည်းနဲ့အများတော့ရှိမှာပါပဲ၊ အမျိုးသားညီညွတ်မှုကိုပြသနိုင်ဖို့အတွက်က ပြဿနာတွေ၊ သဘောထားကွဲ မှုတွေကို အငြိမ်းချမ်းဆုံးနည်းလမ်းတွေနဲ့ကျော်လွှားဖို့၊ အမျိုးသားညီညွတ်ရေးအတွက် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဆောင်ရွက်ရမယ်။ အန်ကယ်ကတော့ နှစ်ပါတီပေါင်းကတည်းက အမျိုးသား ညီညွတ်ရေး အတွက်ဘယ်တာဝန်ကိုမှ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ အန်ကယ်ရည်မှန်းချက်အတိုင်းပါတီမှာ ဆောင်ရွက် မယ်။ ပါတီရဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးမရလို့ ဘယ်သူ့ကိုမှလည်း မဝေဖန်ပါဘူး။ မပြောဘူး။တက်နိုင်ရင်ပါတီနဲ့ ပက်သက်လို့မပြောပဲနေပါတယ်။ အခုပြောနေတာက ပြည်ထောင်စု၊ ဖက်ဒရယ်၊ ငြိမ်းချမ်းရေးတွေအတွက် အဓိကထားပြောပါတယ်။ အဲဒီတော့ ပါတီတစ်ခုတည်ထောင်ဖို့ အန်ကယ့်အနေနဲ့ သဘောထားမရှိပါဘူး။

မေး။     ။တိုင်းရင်းသားအများစုပြောနေတဲ့ ဗမာတွေက လွတ်လပ်ရေးရပြီးတော့တစ်မျိုးလို့ ဝေဖန် ကြတဲ့အပေါ်ကော NLD အစိုးရဖြစ်လာတဲ့အချိန်မှာကော တိုင်းရင်းသားတွေ သံသယဖြစ်နေသလို အဲဒီလိုဖြစ်လာနိုင်သေးတယ်လို့ အန်ကယ်ထင်လား။

ဒါကတော့ NLD ကအစိုးရမဖွဲ့စည်းနိုင်သေးပဲနဲ့တော့မသိသေးဘူးလေ။ မဖွဲ့စည်းနိုင်သေးပဲနဲ့တော့ ခန့်မှန်းပြောဖို့ ခက်ပါတယ်။ စောင့်ကြည့်ရမှာပါ။ လွတ်လပ်ရေးရပြီး အစိုးရအဆက်ဆက်ကတော့ ပြောကြတယ်။ ကောင်းတာတွေ လည်းရှိတယ်။ ဒါပေမယ့်လက်တွေ့မှာတော့ ဘာမှအကောင်အထည်ပေါ်မလားဘူး။ ဒါကြောင့် မို့လည်းတိုင်းရင်းသားတွေက ယုံကြည်မှုနည်းပြီးတော့ ပြည်တွင်းစစ်တွေလည်းဆက်တိုက်ရှည်ကြာနေတာလို့ ပြောချင်ပါတယ်။

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly