မာရီယူပိုလ်၌ ရုရှက တိုက်ခိုက်မှုများကို ပြန်စ

မာရီယူပိုလ်၌ ရုရှက တိုက်ခိုက်မှုများကို ပြန်စ

ဧပြီ ၂၄

ယူကရိန်းနိုင်ငံ မာရီယူပိုလ်မြို့ရှိ သံမဏိစက်ရုံကြီးတစ်ခု၌ ရှိနေကြသည့် နောက်ဆုံးကျန်ရှိနေသော ယူကရိန်း တပ်ဖွဲ့ဝင်များအပေါ် ရုရှတို့ တိုက်ခိုက်မှုများ ပြန်စခဲ့ကြောင်း သိရသည်။ ဤမတိုင်မီ ရက်ပိုင်းက အဆိုပါ တောင်ပိုင်းမြို့ကို အောင်နိုင်ပြီဟု ရုရှက ကြေညာခဲ့သလို ယင်း၏ တပ်ဖွဲ့များအနေဖြင့် စက်ရုံကို သိမ်းရန် မလိုဟု ပြောခဲ့သည်။

ယူကရိန်း စစ်တပ်အနေဖြင့် ဝိုင်းရံခံထားသည့် ဆိပ်ကမ်းမြို့ကနေ ထိုးဖောက်ထွက်နိုင်ရေး ကြိုးပမ်းရန် အသင့်မဖြစ်ခဲ့ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောသည်။

သို့သော် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် ကာကွယ်ရေး ဝန်ကြီး လွိုက် အော်စတင် တို့ တနင်္ဂနွေနေ့တွင် ကိယက်ဗ်သို့ လာရောက်မည် ဖြစ်ပြီး ရုရှ ကျူးကျော်မှု တတိယမြောက် လထဲ ရောက်လာချိန် ယူကရိန်းတို့ လိုအပ်သည့် လက်နက်အမျိုးအစားများနှင့်ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဇယ်လန်စကီးက ပြောသည်။

“ကျွန်တော်တို့မှာ နောက်ထပ် လက်နက်တွေ ရပြီး လုံလောက်မှုရှိတာနဲ့ တစ်ပြိုင်နက် ကျွန်တော်တို့ဟာ လောလောဆယ် ယာယီ သိမ်းပိုက်ခံထားရတဲ့ အဲဒီ နယ်မြေကို အမြန်ဆုံး ပြန်သိမ်းယူသွားပါမယ်။ ကျွန်တော့်ကို ယုံပါ” ဟု ဇယ်လန်စကီးက စနေနေ့ ညနေခင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဘလင်ကန်နှင့် အော်စတင်တို့အတွက် ခရီးသွားအစီအစဉ်များနှင့် ပတ်သက်ပြီး အိမ်ဖြူတော်က အတည်ပြုမထားပေ။ ယင်းကိစ္စနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပင်တဂွန်တို့ကလည်း မှတ်ချက်ပေးရန် ငြင်းဆန်သည်။

ပဋိပက္ခ၏ အကြီးဆုံး တိုက်ပွဲဖြစ်သည့် မာရီယူပိုလ်မြို့ကို တိုက်ခိုက်မှုက သီတင်းပတ်များနှင့်ကြာ သဲကြီးမဲကြီး ဖြစ်ပွားထားခဲ့သည်။ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို ၂၀၁၄ ခုနှစ်က မော်စကို သိမ်းထားသည့် ပင်လက်နက်ကျွန်းဆွယ် ခရိုင်းမီးယားနှင့် ချိတ်ဆက်ရန် ရုရှ၏ ကြိုးပမ်းမှုများအတွက် ယခု မာရီယူပိုလ်မြို့ကို သိမ်းယူခြင်းက အဓိကကျသည်ဟု ရှုမြင်ရသည်။

မော်စကို ကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားများက ဒွန်ဘတ်စ်ဒေသတွင် နှစ်များနှင့်ကြာ နယ်မြေများကို ထိန်းချုပ်ထားသည်။

မာရီယူပိုလ်တွင် အရပ်သား သောင်းချီ သေဆုံးခဲ့သည်ဟု ယူကရိန်းက ခန့်မှန်းပြီး ယင်းတွင် လက်ရှိအချိန်အထိ အရပ်သား ၁၀၀,၀၀၀ ခန့် ရှိနေဆဲဟု ပြောသည်။ အရပ်သား သေဆုံးမှုက အနည်းဆုံး ထောင်ဂဏန်းတွင် ရှိသည်ဟု ကုလနှင့် ကြက်ခြေနီအဖွဲ့တို့က ပြောသည်။

အရပ်သားပြည်သူများကို ဘေးလွတ်ရာ ကယ်ထုတ်ရန် စနေနေ့က ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဟု မာရီယူပိုလ် မြို့တော်ဝန်၏ လက်ထောက်တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required