ယူကရိန်းပြီးနောက် အခြားနိုင်ငံများကို ရုရှက စိတ်ဝင်စားနေဟု ဇယ်လန်စကီး သတိပေး 

ယူကရိန်းပြီးနောက် အခြားနိုင်ငံများကို ရုရှက စိတ်ဝင်စားနေဟု ဇယ်လန်စကီး သတိပေး 
Photo - AFP

ဧပြီ ၂၃

ယူကရိန်းတောင်ပိုင်းအား အပြည့်အဝ ထိန်းချုပ်ရေးကို လိုလားသည်ဟု ရုရှဗိုလ်ချုပ်ကြီးတစ်ဦးက ပြောလာပြီးနောက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ၎င်း၏ နိုင်ငံအား ရုရှ၏ ကျူးကျော်မှုသည် အစသာဖြစ်ပြီး အခြားသော  နိုင်ငံများကို သိမ်းပိုက်ရေးကို ရုရှက အစီအစဉ်ချထားသည်ဟု သတိပေးပြောဆိုလာခဲ့သည်။ 

“သေဆုံးခြင်းထက် ရှင်သန်မှုအောင်ပွဲကို ယုံကြည်တဲ့ ကျွန်တော်တို့လို နိုင်ငံအားလုံးအနေနဲ့ ကျွန်တော်တို့နဲ့အတူ တိုက်ပွဲဝင်ကြရမှာ ဖြစ်တယ်၊ ကျွန်တော်တို့ကို ကူညီကြရမှာ ဖြစ်တယ်၊ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့က အစမို့လို့ပဲ၊ နောက် ဘယ်နိုင်ငံ ကျူးကျော်ခံရမလဲ မသိဘူး”ဟု သောကြာနေ့က ဗီဒီယိုမိန့်ခွန်းတွင် ဇယ်လန်စကီးက ပြောသည်။ 

ယူကရိန်းတောင်ပိုင်းအား အပြည့်အဝ ထိန်းချုပ်ခြင်းဖြင့် အနောက်ပိုင်း မော်လ်ဒိုဗာနိုင်ငံက ရုရှကျူးကျော်ထားသော ခွဲထွက်ဒေသ Transnistria သို့  ချိတ်ဆက်မိမည်ဖြစ်ကြောင်း ရုရှဗဟိုစစ်ဒေသ လက်ထောက်တပ်မှူး ရုစတမ် မင်နီကာယက်ဗ်က ပြောသည်ကို ရုရှနိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့သည်။ 

ထိုသို့ သိမ်းပိုက်နိုင်ခြင်းဖြင့် ယူကရိန်း၏ ကမ်းရိုးတန်းတစ်ခုလုံးကို ဖြတ်တောက်နိုင်မည်ဖြစ်ရာ ရုရှတပ်များအနေဖြင့် လက်ရှိ ရောက်ရှိနေသည့် နေရာထက် အနောက်ပိုင်း မိုင်ပေါင်းများစွာကို ဝင်ရောက်နိုင်မည် ဖြစ်သည်။ 

ယခု ဗိုလ်ချုပ်ကြီးဖြစ်သူ၏ ပြောဆိုချက်သည် ယူကရိန်း၌ ရုရှ၏ ရည်မှန်းချက်နှင့် ပတ်သက်ပြီး ပို၍ အသေးစိတ်ကျသော ပြောဆိုမှုဖြစ်ပြီး ရုရှအနေဖြင့် ၎င်း၏ ထိုးစစ်ကို လျှော့ချပစ်ရန် အစီအစဉ်မရှိကြောင်းကို ဖော်ပြနေသည်။ 

မင်နီကာယက်ဗ်၏ ပြောဆိုချက်က ရုရှသည် ၎င်း၏ ရည်ရွယ်ချက်ကို ရေရှည် မဖုံးကွယ်နိုင်ကြောင်း ပြသနေသည်ဟု ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက တွစ်တာတွင် ရေးသားသည်။ 

စစ်ပွဲ ‘ဒုတိယအချီ’ ၏ ရည်မှန်းချက်သည် ယူကရိန်းရှိ နာဇီဝါဒကို အောင်ပွဲခံရန် မဟုတ်ကြောင်း ရုရှအနေဖြင့် ဝန်ခံလိုက်ခြင်းပဲ ဖြစ်ကာ ယူကရိန်း၏ အရှေ့ပိုင်းနှင့် တောင်ပိုင်းကို သိမ်းပိုက်နိုင်ရေး နယ်ချဲ့မှုသာ ဖြစ်နေသည်။ 

ယူကရိန်းတွင် စစ်ရေးလှုပ်ရှားမှု ကင်းစင်ရေးနှင့် အန္တရာယ်များသော အမျိုးသားရေးဝါဒကို ဖယ်ရှားရေးအတွက် “အထူးစစ်ရေး စစ်ဆင်မှု” ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရုရှက ပြောဆိုထားခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းနှင့် အနောက်အုပ်စုကမူ ရုရှ၏ ဖေဖော်ဝါရီ ၂၄ ရက်က ကျူးကျော်မှုသည် ရန်လိုကျူးကျော်သော တရားနည်းလမ်းမကျသည့် စစ်ပွဲသာဖြစ်သည်ဟု ပြောဆိုထားကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly