ရွာငံမြို့နယ်ရှိ အပြစ်မဲ့ ပြည်သူများ၏နေအိမ်များ မီးရှို့ဖျက်ဆီးခံရ

By စန်းကျိန်
22 April 2022
ရွာငံမြို့နယ်ရှိ အပြစ်မဲ့ ပြည်သူများ၏နေအိမ်များ မီးရှို့ဖျက်ဆီးခံရ

ဧပြီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ရှိ ပဲရင်းတောင်ကျေးရွာနှင့် လွှစင် ကျေးရွာရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်ငါးလုံးကို ယနေ့ ဧပြီလ ၂၂ ရက်၊ နံနက် ၁ နာရီအချိန်ခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ပဲရင်းတောင်ကျေးရွာမှ ဦးနေဝင်း၏နေအိမ် နှစ်လုံး၊ ဦးဌေးအောင်၏ နေအိမ်၊ လွှစင်ကျေးရွာမှ ဦးစည်နှင့် ဦးနီအိမ်တို့ကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ရွာငံမြို့နယ်ရှိ ပဲရင်းတောင်ကျေးရွာနှင့် လွှစင်ကျေးရွာမှာ မန္တလေး-တောင်ကြီး ပြည်ထောင်စုလမ်းမပေါ် တွင်ရှိပြီး ပဲရင်းတောင်ကျေးရွာမှာ အိမ်ခြေ ၁၆၀ ခန့်နှင့် လွှစင်ကျေးရွာမှာ အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့်ရှိ သည်။

ဦးနေဝင်းမှာ ပဲရင်းတောင်ရွာမှ စစ်တပ်သတင်းပေး ဒလန်ဆိုသူ ကိုဝင်းမြင့်၏အိမ်အနီး ဗုံးပေါက်ကွဲမှုဖြင့် ဧပြီလ ၁၇ ရက်က ဖမ်းဆီးခံခဲ့ရသူဖြစ်ကြောင်း၊ စစ်ကောင်စီတပ်မှ နေအိမ်မီးမရှို့မီ သေနတ်ပစ်ဖောက်သံ ငါးချက်ခန့်ကြားရကြောင်း ဒေသခံများထံမှသိရသည်။

“ ပဲရင်းတောင်ကမီးရှို့ခံရတဲ့ ဦးနေဝင်းအိမ်က NLD ဆိုင်းဘုတ်တင်ထားတဲ့အိမ်ဖြစ်ပြီးတော့ ရွာထဲက ဒလန်စိုးမြင့်နဲ့အဆင်မပြေသူဖြစ်လို့ အဲဒီလိုလုပ်တာလို့ပြောပါတယ်။ သူက ဂေါ်ဖီပွဲစားဆိုတော့ အတန် သင့် အဆင်ပြေနေတဲ့သူပါ။ ဦးနေဝင်းအိမ် နှစ်လုံးကို မနေ့ည ၂ နာရီလောက်က ရှို့ခံရပါတယ်။ ဦးနေဝင်း ကို စကစ( စစ်ကောင်စီ) က ၁၇ ရက်ထဲက ဖမ်းခေါ်သွားပြီးဖြစ်ပါတယ်” ဟု ရွာခံတစ်ဦးက ပြောသည်။

“ ဦးဌေးအောင်ကလည်း ပဲရင်းတောင်ကပဲ။ သူ့အိမ်ကို ဆန္ဒပြခေါင်းဆောင်ဆိုပြီးတော့ နံနက် ၃ နာရီ လောက် က မီးရှို့ခံရတာ။ သူ့အိမ် မီးမရှို့ခင်ရက်က နေအိမ်တစ်လုံးဆောက်ဖို့အတွက် သစ်တွေစုထားတာ ကို စကစ( စစ်ကောင်စီ) က ယူသွားပြီး ဝက်ငါးကောင်ကိုလည်း သုံးကောင်တစ်ခါ၊ နှစ်ကောင်တစ်ခါ ယူသွားကြတယ်” ဟု အဆိုပါ ရွာခံက ပြောသည်။

လွှစင်ကျေးရွာမှဦးနီကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)ဟုစွပ်စွဲပြီး ယနေ့နံနက် ၂ နာရီခန့်က စစ်ကောင်စီ တပ်မှမီးရှို့ရာ ဖခင်ဖြစ်သူဦးစည်၏နေအိမ်ကိုပါ မီးကူးသွားကြောင်း သိရသည်။

ရွာငံမြိုနယ် နွားဘန်းကြီးကျေးရွာတွင်လည်း ယနေ့နံနက်ပိုင်း ၆ နာရီခန့်ကစ၍ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်ခြင်းများ၊ သေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်ခြင်းများကို လုပ်ဆောင်နေပြီး ဒေသခံများ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရပြီဖြစ်ကြောင်း၊ ယခုလက်ရှိအချိန်တွင်လည်း ကားများဖြင့် အင်အားထပ် ဖြည့်နေပြီး စစ်သားများ၊ ပျူစောထီးများ အများအပြားဖြင့် ရွာကိုဝိုင်းထားကြောင်း ဒေသခံများထံမှသိရ သည်။

#Mizzima

#ရှမ်းပြည်နယ်တောင်ပိုင်း

#ရွာငံမြို့နယ်

# မီးရှို့ဖျက်ဆီးခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required