ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းကို ထောက်ခံကြောင်း ပြောခဲ့သည့် ဝန်ကြီးတစ်ဦး၏ မှတ်ချက်စကားက အစိုးရကို ကိုယ်စားမပြုဟု ဗြိတိန် ပြော

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းကို ထောက်ခံကြောင်း ပြောခဲ့သည့် ဝန်ကြီးတစ်ဦး၏ မှတ်ချက်စကားက အစိုးရကို ကိုယ်စားမပြုဟု ဗြိတိန် ပြော

ဖြုတ်ချခံ ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်းကို ထောက်ခံကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံးမှ အငယ်တန်းဝန်ကြီးတစ်ဦးက တွစ်တာမှ ထုတ်ဖော်ခဲ့ပြီးနောက် ယင်းမှတ်ချက်သည် အစိုးရ၏သဘောထားမဟုတ်ကြောင်း ဗြိတိန်အစိုးရက ထုတ်ပြန်လိုက်သည်။

“ပါကစ္စတန်မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကို မြင်ရတာ စိတ်မကောင်းစရာပါပဲ။ အီမရန် ခန်းဟာ လူကောင်းတစ်ယောက်ဖြစ်သလို သိက္ခာရှိတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ကမ္ဘာ့စင်မြင့်ထက်မှာ ခြစားမှုအနည်းဆုံး နိုင်ငံရေးသမားတစ်ဦးပါ။ လာမယ့် ရွေးကောက်ပွဲတွေမှာ သူဟာ ကြီးမားတဲ့ မဲအသာရမှုနဲ့အတူ ပြန်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ဗြိတိန်နိုင်ငံခြားရေးရုံးမှ ပစိဖိတ်နှင့် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အငယ်တန်းဝန်ကြီး ဂိုးစမစ်က မှတ်ချက်ပြုခဲ့ကြောင်း The News International က ဖော်ပြသည်။

လော့ဒ် ဇက် ဂိုးစမစ်၏ အမ ဖြစ်သည့် ဂျမီမာ ဂိုးစမစ်သည် ယခင်က အီမရန် ခန်းနှင့် လက်ထပ်ခဲ့ဖူးသူ ဖြစ်သည်။ ပါကစ္စတန်တွင် လက်ရှိ ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ၎င်းအနေဖြင့် စိတ်မကောင်းဖြစ်မိသည်ဟု ဂိုးစမစ်က ပြောသည်။

ဗြိတိန်နိုင်ငံခြားရေးရုံးမှ ပစိဖိတ်နှင့် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အငယ်တန်းဝန်ကြီးဖြစ်သူ၏ အဆိုပါ ပြောဆိုချက်သည် အစိုးရကို ကိုယ်စားပြုခြင်း ရှိ၊မရှိ ဒေါင်းနင်းလမ်း အစိုးရအိမ်တော်ကို မေးမြန်းမှုများ ရှိခဲ့သည်။

ဂိုးစမစ်၏ မှတ်ချက်နှင့်ပတ်သက်ပြီး မေးမြန်းသည့် မေးခွန်းကို ဖြေဆိုရာတွင် ဒေါင်းနင်းလမ်း အစိုးရအိမ်တော် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ပါကစ္စတန်နဲ့ ပတ်သက်လို့ကတော့ မိမိတို့ဟာ ပါကစ္စတန်ရဲ့ ဒီမိုကရေစီစနစ်ကို လေးစားသလို မိမိတို့ဟာ ပါကစ္စတန်ရဲ့ ပြည်တွင်းရေးမှာ ပါဝင်ပတ်သက်မှာ မဟုတ်ပါဘူး။ မိမိတို့ဟာ ပါကစ္စတန်နဲ့ ကာလကြာ ဆက်ဆံမှု‌တွေ ရှိနေသလို အခြေအနေတွေကိုလည်း စောင့်ကြည့်နေပါတယ်” ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly