အာဏာသိမ်းစစ်ကောင်စီကိုစွန့်ခွာပြီး CDM ပြုလုပ်ရန် တပ်မတော်သားများ နေ့စဉ်ဆက်သွယ်နေ

အာဏာသိမ်းစစ်ကောင်စီကိုစွန့်ခွာပြီး CDM ပြုလုပ်ရန် တပ်မတော်သားများ နေ့စဉ်ဆက်သွယ်နေ

ဧပြီ ၂၁

ပြည်သူနှင့်အတူပူးပေါင်းပြီး CDM လှုပ်ရှားမှုတွင်ပါဝင်ရန် လာရောက်ဆက်သွယ်သည့် တပ်မတော်သား များ နေ့စဉ်ရှိကြောင်းသိရသည်။

CDM ပြုလုပ်ရန်အတွက် ပုံစံအမျိုးမျိုးဖြင့် ရာထူးအလွှာအသီးသီးမှ လာရောက်ဆက်သွယ်သူများရှိနေ ကြောင်း တပ်မတော်သားများ ပြည်သူနှင့်အတူပူးပေါင်းရေးအတွက် ကူညီဆောင်ရွက်ပေး‌နေသူ CDM အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က မဇ္ဈိမသို့ပြောသည်။

“နေ့စဉ် အနည်းဆုံး လေးဦးနဲငါးဦးလောက်တော့ CDM ဝင်ဖို့အတွက် ဆက်သွယ်နေတာရှိပါတယ်” ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများမှ စတင်လှုပ်ရှားခဲ့ကြသော အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် တပ်မတော်သားများပါ တဖြည်းဖြည်းပါဝင်လာ ကြခြင်းဖြစ်သည်။ စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်‌ကောင်စီလက်အောက်ခံ တပ်မတော် သားနှင့်ရဲ ၁၀,၀၀၀ နီးပါး CDM ပြုလုပ်ထားပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြား ထားသည်။

CDM လှုပ်ရှားမှုပြုလုပ်နိုင်ရေးအတွက် ပြည်သူ့ရင်ခွင်နှင့် ပြည်သူ့ပန်းတိုင်ကဲ့သို့သော လူမှုကွန်ရက် စာမျက်နှာများမှတဆင့် ဆက်သွယ်ပြီးဆောင်ရွက်လာခြင်းများရှိသကဲ့သို့ တိုက်ပွဲများဖြစ်ပွားရာဒေသ များတွင်လည်း ဒေသခံအဖွဲ့များထံသို့ ပူးပေါင်းလာမှုများရှိနေသည်။

စစ်ပွဲများဖြစ်ပွားနေသည့် ကရင်အမျိုးသားအစည်းရုံး(KNU) နယ်မြေအတွင်း၌လည်း နေ့စဉ် တပ်မတော် သားများ ခိုလှုံမှုရှိနေကြောင်း ကရင်အဖွဲ့စည်းများထံမှသိရသည်။

KNU အနေဖြင့် စစ်သုံ့ပန်းများနှင့် ဝင်ရောက်ခိုလှုံသူများကို စည်းမျဉ်းစည်းကမ်းများနှင့်သာ လက်ခံနေ ကြောင်း ကရင်အမျိုးသားအစည်းအရုံးပြောခွင့်ရ ဖဒိုစောတာနီးက ဆိုသည်။

“ဟိုးယခင်တည်းကအတိုင်း လူသားချင်းစာနာထောက်ထားမှုတို့ကို အမြဲတမ်းလိုက်နာရမယ်ဆိုတာ လည်းပါတယ်။ လူထုနဲ့စစ်သားကိုတော့ ခွဲခြားမြင်ရမယ်။ စစ်ပွဲမှာ လိုက်နာကျင့်သုံးရတဲ့ဟာနဲ့ ကူးပြောင်း လာတဲ့သူတွေကို လက်ခံတဲ့မူဝါဒကတော့ကွဲပြားမှု ရှိပါတယ်” ဟုဆိုသည်။

အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်တပ်ကိုစွန့်ပြီး CDM လုပ်လာသူများ အများအပြားရှိလာသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် တပ်တွင်းမှမစွန့်ခွာနိုင်ဘဲ တော်လှန်ရေးအတွက် စစ်ကောင်စီ၏သတင်းများ ပေးနေသော စစ်သားနှင့်ရဲများလည်း အများအပြားရှိ‌နေကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

CDM စစ်သည်အရာရှိနှင့် ရဲဝန်ထမ်းများကို သြစတြေးလျနိုင်ငံမှ ၎င်းတို့နှင့် ၎င်းတို့မိသားများအတွက် နိုင်ငံရေးခိုလှုံခွင့် လက်ခံမည်ဖြစ်ကြောင်းလည်း ကြေညာထားသည်ကိုတွေ့ရသည်။

လက်ရှိအချိန်တွင် အာဏာသိမ်းစစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်အနေဖြင့် ၎င်းတို့၏တပ်များအတွင်း စည်းလုံးညီညွတ်ရေးအတွက် တပ်မတော်ပွဲတိုင်းတွင် ပြောကြားလေ့ရှိနေပြီး အာဏာသိမ်းရခြင်း အကြောင်းကိုလည်း ထပ်တလဲလဲရှင်းပြနေသည်ကို တွေ့ရသည်။

#Mizzima

#CDMလှုပ်ရှားမှု

#ပြည်သူနှင့်အတူပူးပေါင်းရေး

#နိုင်ငံရေးခိုလှုံခွင့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly