ပါကစ္စတန်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အာဖဂန်နစ္စတန်တွင် လူ ၄၇ ဦးထက်မနည်း သေဆုံး

By Aljazeera
19 April 2022
ပါကစ္စတန်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အာဖဂန်နစ္စတန်တွင် လူ ၄၇ ဦးထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ခို့စ်နှင့် ခူနာ ပြည်နယ်တို့ရှိ ပစ်မှတ်များကို ဧပြီ ၁၆ ရက်တွင် ပါကစ္စတန် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် သေဆုံးသူဦးရေသည် ၄၇ဦး ထက်မနည်း မြင့်တက်လာခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

“ခို့စ် ပြည်နယ်မှာ ဒူရန်းမျဉ်းနယ်စပ်အနီး ပါကစ္စတန်တပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် အရပ်သား ၄၁ ဦး သေဆုံးသလို အခြား ၂၂ ဦး ဒဏ်ရာရခဲ့ပါတယ်” ဟု ခို့စ်ပြည်နယ်မှ ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ညွှန်ကြားရေးမှူး ရှာဘီရာ အာမက်ဒ် အိုစ်မန်နီက ဧပြီ ၁၇ ရက်တွင် အေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။

ခို့စ် ပြည်နယ်ရှိ ထို သေဆုံးသူစာရင်းကို အခြားသော အရာရှိ ၂ဦးကလည်း အတည်ပြုခဲ့သည်။ ထို့ပြင် ခူနာပြည်နယ်တွင်လည်း လူ ၆ ဦး သေဆုံးခဲ့ကြောင်း အာဖဂန် အရာရှိက ဧပြီ ၁၆ ရက်တွင် ပြောသည်။ အာဖဂန်နစ္စတန်၏ အကြီးဆုံးသတင်းချန်နယ် ဖြစ်သည့် Tolo News ကလည်း လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည် ဆိုသည့် ကလေးများ၏ အလောင်းဓာတ်ပုံများကို ပြသခဲ့သည်။

ထို့ပြင် ခို့စ်ပြည်နယ်ရှိ ဒေသခံ ရာပေါင်းများစွာတို့ ပါကစ္စတန်ကို ရှုတ်ချရင်း ပါကစ္စတန် ဆန့်ကျင်ရေး ဆောင်ပုဒ်များ အော်ဟစ် ဆန္ဒပြနေသည့် ဆန္ဒပြပွဲများကို ထို ချန်နယ်က ပြသခဲ့သည်။

တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး ပါကစ္စတန် စစ်တပ်က မှတ်ချက်မပေးထားခဲ့သော်လည်း အာဖဂန် မြေပေါ်ကနေ ပါကစ္စတန်ကို တိုက်ခိုက်မှုများ စတင်လုပ်ဆောင်သည့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များကို ပြင်းထန်စွာ အရေးယူသွားရေး ကဘူးလ်ရှိ တာလီဘန်အာဏာပိုင်တို့ကို အစ္စလမ်မာဘတ်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာနက ဧပြီ ၁၇ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required