သီရိလင်္ကာအကျပ်အတည်းသည် တရုတ်၏လျှို့ဝှက်သော အကြွေးထောင်ချောက်မဟာဗျူဟာကြောင့်ဟု ပထဝီနိုင်ငံရေးပညာရှင် သုံးသပ်

သီရိလင်္ကာအကျပ်အတည်းသည် တရုတ်၏လျှို့ဝှက်သော အကြွေးထောင်ချောက်မဟာဗျူဟာကြောင့်ဟု ပထဝီနိုင်ငံရေးပညာရှင် သုံးသပ်

သီရိလင်္ကာအတွက် တရုတ်နိုင်ငံ၏ ချေးငွေပုံစံသည် ရှင်းရှင်းလင်းလင်းမဖြစ်ဘဲ ထုတ်ပေးသည့် ချေးငွေအတွက် တရုတ်အစိုးရက ကောက်ခံသော အတိုးနှုန်းကိုလည်း မည်သူမျှ မသိကြောင်း သီရိလင်္ကာနိုင်ငံမှ ပထဝီနိုင်ငံရေး လေ့လာသုံးသပ်သူ အာဆန်ဂါ အာဘေယာဂူတာဆီကဲရာက ပြောကြားခဲ့သည်။

South Asian Voices မှ လက်ထောက်အယ်ဒီတာ ဆူနိုင်နာဒန်ဇီဂါနှင့် တွဲဖက်အယ်ဒီတာ အီရှာဂူတာတို့က သီရိလင်္ကာ၏ လက်ရှိစီးပွားရေးအကျပ်အတည်းအကြောင်း ပြောကြားရာတွင် အကြံပေးပုဂ္ဂိုလ်က “တရုတ်ဟာ စီးပွားရေးအကျပ်အတည်းရဲ့ တစ်ခုတည်းသော အကြောင်းရင်းမဟုတ်ပါဘူး။ ဒါပေမယ့် စဉ်းစားရမယ့် စိုးရိမ်စရာတွေထဲက တစ်ခုကတော့ တရုတ်က သီရိလင်္ကာကို သူတို့ရဲ့ ချေးငွေတွေကို  ဖြေရှင်းဖို့ ဒေါ်လာတစ်ဘီလီယံ ပေးမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ချေးငွေပြန်ရဖို့ ပိုက်ဆံချေးတယ်ဆိုတဲ့ ပုံစံကို ဒါ ပထမဆုံး ကြားဖူးတာပါ။ အတိုးနှုန်းတွေ ဘယ်လိုကောက်ခံနေတယ်ဆိုတာလည်း ဘယ်သူမှမသိပါဘူး။

“မဟာဗျူဟာထောင်ချောက်မှာ အချက် ၃ ချက်ပါဝင်ပါတယ်။ တစ်ခုကတော့ ရာဂျာပက်ဆာရဲ့ နိုင်ငံရေး ပါတီဖြစ်တဲ့ Sri Lanka Podujana Peramuna (SLPP) ကို တရုတ်နိုင်ငံက ဒီမိုကရေစီစံနှုန်းကနေ ဝေးကွာပြီး သက်ဦးဆံပိုင်စနစ်ဖြစ်စေဖို့ ဖြည်းဖြည်းချင်း ကူညီပံ့ပိုးပေးပါတယ်” ဟု ၎င်းက ဆိုသည်။

“စစ်ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တရုတ်က သီရိလင်္ကာကို လူ့အခွင့်အရေးကောင်စီမှာ ထောက်ခံခဲ့သလို ရှင်ကျန်းမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး စွပ်စွဲခံရတဲ့ တရုတ်ကို သီရိလင်္ကာက ထောက်ခံခဲ့ပါတယ်။ တတိယကတော့ သီရိလင်္ကာစစ်တပ်နဲ့ ထောက်လှမ်းရေးစနစ်အတွက် တရုတ်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ သီရိလင်္ကာနိုင်ငံ၏ စီးပွားရေးသည် တစ်ရှိန်ထိုး ကျဆင်းနေခဲ့ပြီး ခရီးသွားကဏ္ဍကို ထိခိုက်စေခဲ့သည်။ သီရိလင်္ကာနိုင်ငံသည် နိုင်ငံခြားငွေလဲလှယ်မှု ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကာ ရိက္ခာနှင့် လောင်စာဆီ တင်သွင်းနိုင်မှုကို ထိခိုက်စေခဲ့သည်။ မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ပြတ်လပ်မှုကြောင့် သီရိလင်္ကာသည် ချစ်ကြည်ရင်းနှီးသော နိုင်ငံများ၏ အကူအညီကို ရယူခဲ့ရသည်။ စီးပွားရေးအခြေအနေကြောင့် ဝန်ကြီးချုပ် မဟိန္ဒြာရာဂျာပက်ဆာနှင့် သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာတို့အား နုတ်ထွက်ပေးရန် တောင်းဆိုမှုများနှင့်အတူ ဆန္ဒပြပွဲကြီးများ ဖြစ်ပွားခဲ့သည်။

အစောပိုင်းတွင် ဝန်ကြီးချုပ် မဟိန္ဒြာရာဂျာပက်ဆာက ပြည်သူများအား စိတ်ရှည်သည်းခံရန်နှင့် အစိုးရအနေဖြင့် အခြေအနေအား ဖြေရှင်းနိုင်စေရေးအတွက် ပြည်သူများ လမ်းပေါ်ထွက်ဆန္ဒပြခြင်းများကို ရပ်တန့်ရန် အထူးမိန့်ခွန်းပြောကြားကာ မေတ္တာရပ်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly