ကြွေးမြီများ ပိုမိုများပြားလာသည်နှင့်အမျှ တရုတ်က သီရိလင်္ကာနှင့် ပါကစ္စတန်တို့ကို မကယ်တင်ဘဲ ရှောင်လွှဲနေ

ကြွေးမြီများ ပိုမိုများပြားလာသည်နှင့်အမျှ တရုတ်က သီရိလင်္ကာနှင့် ပါကစ္စတန်တို့ကို မကယ်တင်ဘဲ ရှောင်လွှဲနေ

အာရှအင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်က အစောပိုင်းတွင် သီရိလင်္ကာနှင့် ပါကစ္စတန်တို့အား အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းများအတွက် ချေးငွေများပေးရန် စိတ်အားထက်သန်ခဲ့သော်လည်း ယခုအခါ ပြင်းထန်သော စီးပွားရေးနှင့် နိုင်ငံခြားကြွေးမြီအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာနှင့် ပါကစ္စတန်တို့အား ချေးငွေအကူအညီပေးရန် တရုတ်က တွန့်ဆုတ်နေသည်။

သမ္မတ ရှီကျင့်ဖျင်၏ အမှတ် အသားဖြစ်သော ခါးပတ်လမ်းစီမံကိန်း(BRI) ကို ပြန်လည်ပြင်ဆင်နေခြင်းနှင့် ရှုတ်ထွေးနေသော ပြည်တွင်း နိုင်ငံရေးအခြေအနေများတွင် ဝင်ရောက်စွက်ဖက်သည်ဟု ရှုမြင်ခံရမည်ကို စိုးသဖြင့် တရုတ်၏ သတိကြီးစွာချဉ်းကပ်နေပုံပေါ်ကြောင်း The Straits Times ၏ သုံးသပ်ခဲ့သည်။

“ တရုတ်က လွန်ခဲ့သည့် နှစ်အနည်းငယ်ကထဲက တရုတ်ဘဏ်တွေက ချေးငွေပြန်ဆပ်ဖို့ အလားအလာနည်းတဲ့ နိုင်ငံတွေကို အကြွေးတွေ အများကြီး ပေးမိသွားတယ်ဆိုတာကို နားလည်လာတဲ့အတွက် ပြင်ပချေးငွေကို ပြန်လည်စဉ်းစားနေတာ ၂ နှစ်လောက်ရှိပါပြီ" ဟု စင်ကာပူ နန်ယန်းနည်းပညာတက္ကသိုလ်၏ နိုင်ငံတကာ လေ့လာမှုဆိုင်ရာ အက်စ် ရာဂျာရာနမ်ကျောင်းမှ အကြီးတန်းသုတေသီ ရာဖယ်လို ပန်တူစီ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။

“တရုတ်ပြည်တွင်းမှာ စီးပွားရေးကျဆင်းလာတာကြောင့် အသုံးစရိတ် အများကြီး လိုအပ်တဲ့ အတွက် ကြောင့် ပိုက်ဆံကို အကြောင်းမဲ့သက်သက် မချေးချင်တော့တာလဲ ပါပါတယ်” ဟု ၎င်းက ဆက်လက်
ပြောကြား ခဲ့သည်။

မကြာသေးမီနှစ်များအတွင် တရုတ်အစိုးရပိုင် မူဝါဒဘဏ်များက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ သို့မဟုတ် ကမ္ဘာ့ဘဏ်တို့ထက် ဖွံ့ဖြိုးဆဲနိုင်ငံများကို ပိုမိုငွေထုတ်ချေးခြင်းကြောင့် တရုတ်သည် လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း ကမ္ဘာ့အကြီးဆုံး မြီရှင်နိုင်ငံဖြစ်လာခဲ့သည်။

ဇူလိုင်လတွင် ပြန်ဆပ်ရမည့် လက်ရှိ တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ အပါအဝင် တရုတ်က ချေးငွေအကူအညီပေးမည်ဟု အလွန်ယုံကြည်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ သီရိလင်္ကာထိပ်တန်းသံတမန်က ပြောကြားခဲ့သည်။

သို့သော် တောင်အာရှတွင် ဆက်လက်ဖြစ်ပွားနေသော အကျပ်အတည်းများကို ဖြေရှင်းရာတွင် တရုတ်က အဓိက မြီရှင်အဖြစ် တည်ရှိနေသော်လည်း အကန့်အသတ်ရှိကြောင်း သတင်းက ဆိုသည်။

ဧပြီလအစောပိုင်းတွင် တရုတ်ကျောထောက်နောက်ခံပြုထားသည့် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ်ဥက္ကဌ ကျင်းလီချန်က သီရိလင်္ကာသံတမန် ကိုဟိုနာနှင့် တွေ့ဆုံချိန်တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ၏ အကူအညီရယူရန်တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly