ဧပြီ ၂၁
ရုရှနိုင်ငံ အားနည်းသွားရန်အတွက် ယူကရိန်း စစ်ပွဲကို ပို၍ ကြာရှည်စေလိုသည့် စိတ်သဘောထားများ နေတိုးမဟာမိတ် အဖွဲ့ဝင် အချို့၌ ရှိနေသည်ဟု တူရကီနိုင်ငံက ဗုဒ္ဓဟူးနေ့တွင် စွပ်စွဲပြောဆိုသည်။
“စစ်ပွဲ ဆက်လက်ဖြစ်နေမှာကို လိုလားနေတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေ ရှိနေတယ်”ဟု တူရကီ နိုင်ငံခြားရေးဝန်ကြီး မီလွတ် ကာဗူဆိုလူက CNN Turk နှင့် အင်တာဗျူးတွင် ပြောသည်။
အစ္စတန်ဘူလ်တွင် ပြီးခဲ့သည့် လက နောက်ဆုံး မျက်နှာချင်းဆိုင် ဆွေးနွေးပွဲအပြီး ယူကရိန်းနှင့် ရုရှကြား ဆွေးနွေးပွဲများ ရပ်တန့်နေပုံ ရစဉ်၌ “နေတိုးအဖွဲ့ဝင် အချို့ဟာ ရုရှကို ပိုပြီး အားနည်းသွားစေချင်နေကြတယ်”ဟု ကာဗူဆိုလူက ပြောခြင်း ဖြစ်သည်။ ရုရှနှင့် ယူကရိန်းတို့အနေဖြင့် ဆွေးနွေးပွဲများကို အွန်လိုင်းတွင် ဆက်လက်ကျင်းပသွားရန် ရှိနေသည်။
မည်သည့်နိုင်ငံများက ရုရှကို အားနည်းစေလို၍ စစ်ပွဲ ကြာရှည်လိုခြင်းဆိုသည်ကိုမူ ၎င်းက နာမည်တပ် ပြောခြင်း မရှိပေ။
ရှိထားပြီး သဘောတူညီချက်များမှ ယူကရိန်းတို့က နုတ်ထွက်သွားကြောင်း ရုရှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပီစကော့က ဗုဒ္ဓဟူးနေ့တွင် ပြောလာခဲ့သည်။
နေတိုးအဖွဲ့ဝင် တူရကီနိုင်ငံသည် ယူကရိန်းထံ တိုက်ခိုက်ရေး ဒရုန်းများ ထောက်ပံ့နေသော်လည်း အနောက်မဟာမိတ်များနှင့်အတူ ရုရှအား ဒဏ်ခတ်ပိတ်ဆို့မှုကို ချမှတ်ခြင်းတော့ မရှိပေ။
သို့ရာတွင် ရုရှနှင့် ယူကရိန်းနှင့်ပါ ကောင်းမွန်သော ဆက်ဆံရေးကောင်း ရှိထား၍ တူရကီသည် ပဋိပက္ခ အဆုံးသတ်ရေးအတွက် ကြားဝင် ဆောင်ရွက်လျက်ရှိပြီး ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ကမ်းလှမ်းထားသည်။
နှစ်ဖက်အကြား တိုက်ရိုက် စေ့စပ်ညှိနှိုင်းမှုများကို တူရကီနိုင်ငံက နှစ်ကြိမ်တိုင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့သည်။ မတ် ၁၀ ရက်နေ့က ယူကရိန်းနှင့် ရုရှ နိုင်ငံခြားရေးဝန်ကြီးများ၏ အန်တဲလ်ယာ တောင်ပိုင်းမြို့က အစည်းအဝေးနှင့် မတ် ၂၉ ရက်က အစ္စတန်ဘူလ်တွင် နှစ်ဖက် စေ့စပ်ညှိနှိုင်းသူများ အစည်းအဝေးတို့ တူရကီက အိမ်ရှင်အဖြစ် ကျင်းပပေးခဲ့ခြင်း ဖြစ်သည်။