ရော့ကတ်ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရပြီးနောက် အစ္စရေးစစ်လေယာဉ်များက ဂါဇာကို တုံ့ပြန် တိုက်ခိုက်

ရော့ကတ်ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရပြီးနောက် အစ္စရေးစစ်လေယာဉ်များက ဂါဇာကို တုံ့ပြန် တိုက်ခိုက်

ဧပြီ ၂၁

ပါလက်စတိုင်း နယ်မြေဘက်မှ ပစ်လိုက်သည့် ရော့ကတ်တစ်စင်းက အစ္စရေးနိုင်ငံထဲ ကျရောက်ခဲ့ပြီးနောက် အစ္စရေးသည် ဧပြီ ၂၁ ရက် အရုဏ်မတိုင်မီ ဂါဇာအလယ်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဟားမားစ် တာဝန်ရှိသူများနှင့် အစ္စရေးစစ်တပ် သတင်းရင်းမြစ်များက ပြောသည်။

ပိတ်ဆို့ခံထားရသည့် ဂါဇာကမ်းမြှောင်ကို အုပ်ချုပ်နေသည့် အစ္စလမ္မစ်အဖွဲ့ ဟားမားစ်တို့ အသုံးပြုသည့် လေ့ကျင့်ရေးကမ့်စခန်းနှစ်ခု တိုက်ခိုက်ခံရပြီး သေဆုံး၊ ဒဏ်ရာရမှု သတင်း မကြားရကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

အစ္စရေး စစ်လေယာဉ်များသည် လုံခြုံရေးစခန်းတစ်ခုနှင့် ရော့ကတ်အင်ဂျင်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် မြေအောက်ဆိုဒ်နေရာတစ်ခု၏ တစ်စိတ်တစ်ဒေသကို တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်သည်။

အစောပိုင်းက ဂါဇာဘက်မှ ပစ်လိုက်သည့် ရော့ကတ်ဒုံးတစ်စင်းက အစ္စရေးတောင်ပိုင်းကို ကျရောက်ခဲ့ရာ အိမ်တစ်လုံး ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဟု ရဲတပ်ဖွဲ့က ပြောသည်။ ရက်ပိုင်းအတွင်း ယင်းကဲ့သို့ ဒုတိယမြောက် တိုက်ခိုက်မှုအတွက် မည်သည့် အုပ်စုကမှ တာဝန်ခံထုတ်ဖော်ခြင်း မရှိပေ။

အစ္စရေးနှင့် သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေများတွင် အကြမ်းဖက်မှုများ တစ်ရှိန်ထိုး တက်လာခြင်းကြောင့် ပိုမို ကျယ်ပြန့်သည့် ပဋိပက္ခဆီ ပြန်လည် သက်ဆင်းသွားနိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ထားစေခဲ့သည်။

မတ်လနောက်ပိုင်း အစ္စရေးတပ်ဖွဲ့များ လုပ်ဆောင်ခဲ့သည့် အနောက်ဘက်ကမ်းဒေသ စီးနင်းမှုများအတွင်း ပါလက်စတိုင်း ၂၉ ဦးထက်မနည်း သေဆုံးခဲ့ရသလို အာရပ် လမ်းပေါ်တိုက်ခိုက်မှုများအတွင်း အစ္စရေး၌ လူ ၁၄ ဦး သေဆုံးထားခဲ့သည်။

အစ္စရေး၏ ဗုံးကြဲမှုကြောင့် ပါလက်စတိုင်းတို့အတွက် သိမ်းပိုက်ခံထားရမှုအပေါ် ပြန်လည်ခုခံရန်နှင့် ဂျေရုဆလင်နှင့် ယင်း၏ ပြည်သူများအတွက် ၎င်းတို့၏ ထောက်ခံမှု အရှိန်မြင့်စေရန် အားပေးသလို ဖြစ်စေရုံသာ ရှိလိမ့်မည်ဟု ဟားမားစ်တို့က ထုတ်ပြန်သည်။

ဂျေရုဆလင်၏ မြို့ဟောင်း၊ အထူးသဖြင့် ဂျူးများက Temple Mount ဘုရားကျောင်းဟု သိကြသည့် Al-Aqsa ဗလီဝန်းတွင် ထိပ်တိုက်တွေ့ခဲ့မှုကြောင့် ယမန်နှစ် ၁၁ ရက်ကြာ အစ္စရေး-ဂါဇာ စစ်ပွဲ ကဲ့သို့ ပဋိပက္ခတစ်ခုမျိုး ပြန်ဖြစ်နိုင်သည့် အန္တရာယ် ရှိနေသည်။ ထို ၁၁ ရက်ကြာ စစ်ပွဲအတွင်း ဂါဇာတွင် ပါလက်စတိုင်း ၂၅၀ ကျော် သေဆုံးပြီး အစ္စရေးဘက်တွင် ၁၃ ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required